ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တိုင်းရင်းဆေးဆရာတစ်ဦး ဒီဇင်ဘာလ ၂၈ ရက် နေ့၊ နေ့လည် ၂ နာရီအချိန်ခန့်က ဖမ်းဆီးခံရသည်ဟု ကျေးရွာသားများက ပြောသည်။
၎င်းတို့နှစ်ဦးအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ - ၈)မှ တပ်ရင်းမှူး ရဲနိုင်ဦးက သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆေးဆရာကို တရားမဝင် ဆေးကုမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးကိုမူ တရားမဝင် ဆေးကုသနေမှုနှင့် ပတ်သက်ပြီး အချိန်မီ သတင်းမပို့ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်။ သူတို့အား စေတီပြင်ကျေးရွာ ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ယာယီစခန်းမှူး ဗိုလ်ကြီးသန်းဦးက DMG ကိုပြောသည်။
" မနေ့က နေ့လည် ၂ နာရီကျော်ခန့်မှ ဖမ်းသွားတာပါ။ သူတို့ကိုတော့ ဆေးကုသခွင့်ဆိုင်ရာ ပုဒ်မ ၅၈ နဲ့ အမှုဖွင့်ထားပါတယ်။ သူတို့က တရားဝင်ဆေးကုသခွင့် လက်မှတ်မရှိတဲ့အတွက်ပါ။ အုပ်ချုပ်ရေးမှူးကိုတော့ အချိန်မီ သတင်းပေးခြင်း မရှိတဲ့အတွက်ပါ” ဟု ၎င်းက ဆိုသည်။
ရေကောင်းချောင်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွား လျက်ရှိနေသည်။ ရဲတပ်ဖွဲ့ဝင်များက ယင်းရွာသားများကို ရက္ခိုင့်တပ်မတော်(AA) နှင့်ပတ်သက်ပြီး မေးမြန်းစစ်ဆေးမှု ပြုလုပ်ပြီးနောက်တွင် ယင်းသို့ဖမ်းဆီးသွားခြင်းဟု ရွာသားများက ဆိုကြသည်။
“ မင်းတို့ရွာသားတွေ ဘယ်သွားလဲ၊ ဘယ်မှာလဲလို့ ရဲကစစ်ဆေးပါတယ်။ နောက် ကျွန်တော်တို့ရွာမှာ ဆေးကုသနေတဲ့ ဆေးဆရာနဲ့ ရွာအုပ်ချပ်ရေးမှူးကို ဖမ်းသွားပါတယ်။ ရွာမှာက ကျေးလက်ဆေးပေးခန်းလည်း မရှိဘူး။ တစ်ခုခုဆို အဲဒီဆေးဆရာနဲ့ပဲ ဆေးကုနေကြတာပါ” ဟု ရေကောင်းချောင်းကျေးရွာက အမည်မဖော်လိုသူ တစ်ဦးကပြောသည်။
ရေကောင်းချောင်းကျေးရွာက ဒေသခံများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ရက္ခိုင့်တပ်မတော်(AA) နှင့် ပတ်သက်မှု ရှိ၊မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောကြသည်။







