ဒီဇင်ဘာလ ၁၇ ရက်နေ့က နယ်စပ်ခြံစည်းရိုး မှတ်တိုင် (၄၁)နှင့် (၄၂)ကြားတွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့်ရဲများအား တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ အမည်မသိအဖွဲ့မှ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း နယ်ခြားစောင့်ရဲတပ်သား အောင်ကျော်သက်မှာ ၎င်းကိုင်ဆောင်သည့် BA-63 သေနတ် ၁ လက်၊ ကျည် ၁၂၀ တောင်နှင့်အတူပျောက်ဆုံးသွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပျောက်ဆုံးနေသည့်ရဲတပ်သားအား ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ အမည်မသိအဖွဲ့နေရာယူပစ်ခတ်ခဲ့သည့် တောင်ကုန်းအနီးတွင် သေနတ်ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးမှ ယနေ့ သတင်း ထုတ်ပြန်သည်။
သေဆုံးသွားသည့် ရဲတပ်သား၏ မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်တို့တွင် သေနတ်ဒဏ်ရာများတွေ့ရပြီး အလောင်းအောက်တွင် ဒေသန္တရလုပ်မိုင်း ခလုတ်(၁)ခုကိုလည်း တွေ့ရှိခဲ့ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင်လည်း ပစ်ခတ်ရန်တူးထားသည့် ပစ်ကျင်းများ၊ ဘီစကွတ်မုန့်ထုတ်အခွံများ၊ MA-11နှင့် MA12 ကျည်ခွံ (၁၇) တောင် အားသိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သေဆုံးသွားသည့် နယ်ခြားစောင့်ရဲတပ်သား၏အလောင်းအား မိမိနိုင်ငံဘက်သို့ ပြန်သယ်ကာ မြေမြှုပ်သြင်္ဂိုဟ် ခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဇူနယ်မြေရဲစခန်းတွင် (ပ)၁၅/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၇ ဖြင့်အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးမှ ထုတ်ပြန် ထားသည်။







