မောင်တောမြို့နယ်၊ ပြူးမချောင်းအတွင်း တိုက်ခိုက်ခံရမှုများကြောင့် မရမာကြီးလူမျိုး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ရခိုင်လူမျိုး ၂ ဦး သေဆုံးသွားပြီးနောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။
မောင်တောမြို့နယ်၊ ကြိမ်ချောင်း(အလယ်) ကျေးရွာနေ မရမာကြီးလူမျိုး မောင်သာလှနှင့် စောထွန်းဦးသည် ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် လောင်းလှေ ၁ စီးဖြင့် ပြူးမချောင်းအတွင်းသို့ ငါးဖမ်းရန် ထွက်ခွာလာပြီး ချောင်းအတွင်း ဒီရေကျချိန်အား စောင့်ဆိုင်းနေစဉ် လောင်းလှေ ၂ စီးဖြင့် အမည်မသိ အမျိုးသား ၆ ဦး ရောက်ရှိလာပြီး နှစ်ဘက်ညှပ် ခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ ခေါ်ဆောင်သွားပြီး ပြူးမချောင်း အနောက်ဘက်ကမ်း အရောက်တွင် ဘင်္ဂါလီစကားများဖြင့် ပြောဆိုကာ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကြောင့် မောင်သာလှ၏ ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာ ၅ ချက်နှင့် စောထွန်းဦးတွင် ထိုးကြိတ်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရုန်းကန်ထွက်ပြေး၍ တစ်ဘက်ကမ်းရှိ အထက်ပြူးမ(ရခိုင်)ရွာသို့ သွားရောက်အကူအညီ တောင်းခံခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသား ၁ဝ ဦးခန့် ရောက်ရှိလာစဉ် ၎င်းအမျိုးသား ၆ ဦးမှာ ပြူးမချောင်းအတိုင်း နတ်မြစ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ယင်းအပြင် အထက်ပြူးမ(ရခိုင်)ရွာနေ ဦးမောင်ထွန်းအေး နှင့် ရသေ့တောင်မြို့နယ်၊ အုန်းချောင်းကျေးရွာနေ ဦးမောင်မောင်သန်းသည် ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် လောင်းလှေတစ်စီးဖြင့် ပြူးမချောင်းအတွင်း ငါးဖမ်းရန် ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက လိုက်လံရှာဖွေခဲ့သည်။
ယင်းသို့ရှာဖွေစဉ် ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် အထက်ပြူးမ(ရခိုင်)ရွာ၏ မြောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာ ပြူးမချောင်း ကမ်းစပ်နံဘေး၌ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု တပ်မတော်၏ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ဒီဇင်ဘာလ (၁၇) ရက်နေ့က တိုက်ခိုက်ခံခဲ့ရသည့် မောင်သာလှနှင့် စောထွန်းဦးတို့မှာ ဒဏ်ရာများပြင်းထန်သဖြင့် မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရသည်။







