အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား ဥပဒေဖြင့်ကာကွယ်ပေးရေးအတွက် ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော်ကို ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဦးဆောင်ကာ ဒီဇင်ဘာလ ၇ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့သည်။
လက်ရှိတွင် အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါဝင် အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင်အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တွေ့နေရသောကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား ဥပဒေဖြင့် ကာကွယ်ပေးရေးအတွက် ပြုလုပ်ရခြင်းဖြစ်သည်ဟု ကျားမရေးရာ တန်းတူညီမျှရေးကွန်ယက်မှ သဘာပတိ ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။
“ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့ ၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ လူထုကို အမျိုးသမီးအကြမ်းဖက်မှုဟာ ဘာလဲဆိုတာကို အသိပညာပေးပြီး ရှင်းပြချင်လို့ပါ။ အမျိုးသမီးအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးမှာ နေ့စဉ်ကြုံတွေ့ နေရတာပါ။ အကြမ်းဖက်မှုတွေကို ရာဇဝတ်မှုအနေနဲ့ ပြဋ္ဌာန်းထားတာရှိတယ်။ ဒါကိုလူထုတွေက ပိုသိလာတဲ့အခါ အကြမ်းဖက်တဲ့ ကိစ္စတွေကို မလုပ်ဖို့ ဖော်ထုတ်တားမြစ်စေဖို့ ပြုလုပ်ရတာဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။
အမျိုးသမီးများ အကြမ်းဖက်ခံရမှုအား ဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်ရန်လိုအပ်သကဲ့သို့ လူထုကိုယ်တိုင်ကလည်း ထိုအကြမ်းဖက်မှုများအား မလုပ်သင့်ဟု အသိစိတ်ဝင်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပါဝင်သင့်ကြောင့် ၎င်းက ထောက်ပြသည်။
“ အမျိုးသမီးတွေ အကြမ်းဖက်မှုခံရတဲ့ ကိစ္စတွေဟာ တရားဥပဒေစိုးမိုးမှုအပေါ်မှာ အများကြီး အခြေခံပါတယ်။ အဲဒီအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ ဥပဒေကာကွယ်မှုက လောလောဆယ်မှာ အင်မတန်အားနည်းပါတယ်။ ဒါကြောင့်မို့ ကျမတို့ဘက်ကလည်း ဥပဒေတစ်ခုထွက်ဖို့ ဝိုင်းဝန်းတိုက်တွန်း လုပ်ဆောင်နေတာ ဖြစ်ပါတယ် ” ဟု ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။
အဆိုပါပွဲတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် ရုပ်ရှင်ဇာတ်လမ်းတိုများ ပြသခြင်း၊ သီချင်းများနှင့် တင်ဆက်ကပြခြင်း၊ မှတ်တမ်းများ ပြသခြင်းများပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ယခု ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာကာလအတွင်း မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား၊ ဖားအံနှင့် စစ်တွေမြို့များတွင် ပြုလုပ်နေခြင်းဖြစ်သည်။







