ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေး

ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေး

(ဘူးသီးတောင်မြို့နယ် စည်တောင်(ကျေးရွာ)စစ်ဘေးရှောင်စခန်းမှ ကလေးငယ်တချို့။ ဓာတ်ပုံ - DMG )

ဖက်ဝန်းချောင်းကျေးရွာက ဒေသခံများမှာ လက်နက်ကြီးသံများကြားရသဖြင့် ကြောက်လန့်၍ ထွက်ပြေးလာကြခြင်းဖြစ်ကာ ၎င်းတို့အတွက် အစားအစာ၊ အဝတ်အထည်များ လိုအပ်နေသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား ပုဏ္ဏားကျွန်းမြို့နယ် မိခင်ချောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖက်ဝန်းချောင်းကျေးရွာမှ မြိုတိုင်းရင်းသား ၄၂ ဦးတို့မှာ တောဖျားချောင်းဒေသ သင်းပုန်းတန်းကျေးရွာသို့  ခိုလှုံရန် ရောက်ရှိနေကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက DMG ကိုပြောသည်။

လက်နက်ကြီးသံများကြား၍ ထွက်ပြေးလာကြ

ဖက်ဝန်းချောင်းကျေးရွာအနီးတွင် လက်နက်ကြီးသံများ အဆက်မပြတ် ထွက်ပေါ်နေသောကြောင့် စစ်ဘေးအန္တရာယ်ကို ကြောက်လန့်ကာ ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်နေ့) ညနေပိုင်းက အိမ်ထောင်စု ၁၀ စုမှ လူဦးရေ ၄၂ ယောက် ထွက်ပြေးလာခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။

“ ကျွန်တော်တို့ရွာကတောင် လက်နက်ကြီးပစ်ခတ်သံတွေ မကြာခဏ အဝေးက ကြားနေရပါတယ်။ သူတို့ကို ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုဖို့ နေရာချပေးထားတယ်။ စားရေးသောက်ရေး အခက်ခဲတွေရှိနေပါတယ် ” ဟု သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။

မိခင်ချောင်းအနီးတွင် ဒီဇင်ဘာလ ၅ ရက်နေ့မှ ယမန်နေ့အထိ တိုက်ပွဲဖြစ်ပွားသံများကို ကြားခဲ့ရသောကြောင့် ဒေသခံများမှာ ကြောက်လန့်မှုများ ရှိနေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

 “ ကျွန်တော်တို့ရွာနဲ့နီးနီးလေး မိခင်ချောင်းဘက်မှာ တိုက်ပွဲဖြစ်နေတာပါ။ သေနတ်သံကြားလို့ ပြေးလာတာပါ။ ကျွန်တော်တို့ ရွာလုံးကျွတ်ပြေးလာတာပါ။ မနေ့က ၉ နာရီကတည်းက တောင်ကျော်ပြီး ပြေးလာတာပါ။ သေနတ်သံတွေကိုလည်း မနေ့ကကြားခဲ့ရတာပါ ” ဟု ဖက်ဝန်းချောင်းကျေးရွာမှ စစ်ရှောင်ဒုက္ခသည် ဦးစိန်လှအောင်က ပြောသည်။

ထွက်ပြေးလာသူများထဲမှာ ကလေးနှင့် အမျိုးသမီးများပါဝင်

စစ်ပွဲဖြစ်ပွားနေမှုကြောင့် ထွက်ပြေးလာသူထဲမှာ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၂၃ ယောက်ပါဝင်သည်။ ယင်းအထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများ ပါဝင်ကြသည်ဟု ဦးသိန်းဝင်းက ပြောသည်။

“ကလေးအငယ်တွေပါတယ်။ နို့စို့အရွယ်ကလေးတွေ ပါဝင်တယ်။ နောက်ပြီးတော့ (၅) နှစ်အောက်ကလေးငယ်တွေ ပါဝင်တယ်”ဟု ၎င်းက ဆိုသည်။

    စစ်ဘေးရှောင်တို့ အခက်အခဲ

ထွက်ပြေးလာသူများမှာ အဝတ်အထည်များ လုံလောက်စွာ မပါသည့်အပြင် အနွေးထည်လည်း ပါမလာသောကြောင့် အဝတ်အထည် အခက်အခဲရှိနေသည်။ ယခု ဆောင်းရာသီဖြစ်၍ သင်းပုန်းတန်းကျေးရွာတွင် အလွန်အေးသည်ဟု ဒေသခံများက ဆိုသည်။

“ ဒီမှာ အေးတယ်ဗျာ။ သူတို့မှာ စောင်တွေ လိုအပ်တယ်။ အနွေးထည်တွေ အဝတ်အထည်တွေ လိုပါတယ်။ သူတို့မှာ ဘာမှ မပါဘူး  ”ဟု ဦးသိန်းဝင်းက ပြောသည်။

ယင်းအပြင် ၎င်းတို့မှာ စားဝတ်နေရေးများ အခက်အခဲများရှိနေသောကြောင့် အကူအညီများပေးရန် မျှော်လင့်ချက်များရှိကြသည်။

“ သူတို့ကို ရွာက ဆန်တွေ ကောက်ခံပြီးတော့ ကူညီပေးထားတယ်။ သူတို့မှာ စားရေး ၊သောက်ရေး လိုအပ်ချက်ရှိတယ်။ သူတို့မှာ အိုးတွေ၊ ခွက်တွေလည်း မပါဘူး ”ဟု ဦးသိန်းဝင်းက ဆက်လက်ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်(လောရမတောင်တန်း) သြရမတောင်တန်းတို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောဖျားချောင်းဒေသ နတ်သရွေးကျေးရွာမှ ဒေသခံများလည်း သင်းပုန်းတန်းကျေးရွာသို့ စစ်ဘေးရှောင်ရန် လာရောက်ခဲ့ကြသည်ဟု အုပ်ချုပ်ရေးမှူးထံက သိရသည်။

ယခုရက်ပိုင်းအတွင်းတွင် ဘူးသီးတောင်မြို့နယ်ဘက်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု နှစ်ဖက်တပ်များက ထုတ်ပြန်ထားသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...