အဝေးထိန်းလေယာဉ်ငယ်ဖြင့် စွန့်ဦးတီထွင်ပြသပြီး ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု နှစ်ဆုကို ရယူနိုင်ခဲ့သည့် အမ်းမြို့နယ်မှ လူငယ် ကိုမျိုးနိုင်ထွန်း(ခ) ကိုလမ်းဗိုလ်(ခ)နတ်ဆိုးအား ဒီဇင်ဘာလ ၂ ရက်နေ့က အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့သည်။
ကိုမျိုးနိုင်ထွန်းသည် လွန်ခဲ့သည့်(၂)နှစ်ခန့်မှစတင်ကာ လေယာဉ်ငယ်များ စတင်တီထွင်ခဲ့ရာ အချိန်၊ ငွေကြေး၊ လေ့လာမှု၊ လေ့ကျင့်မှုများစွာကို ဖြတ်ကျော်ခဲ့ရကြောင်း၊ ယခု အောင်မြင်ခဲ့သည်ဆိုသော်လည်း အခြားနိုင်ငံနှင့်နှိုင်းယှဉ်ပါက များစွာနောက်ကျသေးသည်ဟု ပြောသည်။
" ကိုယ့်အနေအထားက အများႀကီးနောက်ကျနေခဲ့တဲ့ အနေအထားတစ်ခုမှာ သူများနိုင်ငံတွေမှာ ဒါတွေက တိုးတက်ပြီး၊ ထွန်းကားၿပီးဖြစ်ေနတဲ့အနေအထား၊ လူမှုရေး၊ စစ်ရေး အကုန်လုံး သုံးနေကြတယ်။ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ၿပီးေတာ့ ကျန်းမာရေး ဆေးဖက်ဆိုင်ရာကိစ္စအဝအဝအတွက် အကျိုးရှိရှိသုံးနေတဲ့အချိန်မှာ ကိုယ်တွေဆီမှာက ဒါတွေကိုမြင်လည်းမမြင်ကြသေးဘူး၊ သိလည်းမသိကြသေးဘူး၊ အဲဒါကိုဖော်ထုတ်ချင်တာ၊ ပြချင်တာ" ဟု ကိုမျိုးနိုင်ထွန်းက ပြောသည်။
ယခုနှစ် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်တွင် အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲၿပိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝါသနာရှင်၊ နည်းပညာရှင်များ ပါဝင်ယှဉ်ၿပိုင်ခဲ့ကြပြီး ကိုမျိုးနိုင်ထွန်း(ခ)နတ်ဆိုးမှာ ပျံသန်းမှု ပထမဆုနှင့် တည်ဆောက်မှု ဒုတိယဆုတို့ကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ စွန့်ဦးတီထွင်သူရှိလာခြင်းသည် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ဂုဏ်ယူစရာကောင်းသည်ဟု အမ်းမြို့နယ်လူမှု အဖွဲ့အစည်းက ဦးသန်းချိုက ဆိုသည်။
"ကျွန်တော်တို့ကလူငယ်တွေကို ဒီနည်းပညာတွေကို သိစေချင်တယ်၊ နောက်ၿပီးတော့သူရဲ့ႀကိုးစားမှု၊ အောင်မြင်မှုကို အတုယူစေချင်တယ် " ဟု အမ်းမြို့နယ် လူမှုရေးအဖွဲ့အစည်းမှ ဦးသန်းချိုက ပြောသည်။







