ဘူးသီးတောင်မြို့မြောက်ဘက်၊ နဟန်းနှင့် ဝါးနက်ရုံအကြားတွင် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော်တို့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်က အကျအဆုံး များရှိသည်ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
မြန်မာတပ်မတော်၏ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) သည် ရက္ခိုင့်တပ်မတော် အခြေစိုက်လှုပ်ရှားသည့်နေရာသို့ ထိုးစစ်ဆင်တိုက်လာခဲ့သောကြောင့် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားရခြင်းဟု AA က ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲကြောင့် တပ်မတော်ဘက်က (၇) ဦးခန့်ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၀) ဦးထက်မနည်းရှိကြောင်း AA က ဆိုသည်။ အလားတူ AA ဘက်ကလည်း ဒဏ်ရာရရှိသူတစ်ဦးရှိခဲ့သည်ဟု ဆိုထားသည်။
ပွင့်လင်းရာသီရောက်တိုင်း တပ်မတော်ဘက်က ထိုးစစ်များကို အကြီးအကျယ် ပြုလုပ်လေ့ရှိသောကြောင့် ရခိုင်ဒေသတွင်းမှာ တိုက်ပွဲများဖြစ်နေသည်ဟု ထုတ်ပြန်ချက်မှာ ပါရှိသည်။
မြန်မာတပ်မတော်နှင့် ရခိုင်တပ်မတော်(AA)တို့သည် နိုဝင်ဘာလ ၁၃ ၊ ၁၅ ၊ ၁၆၊ ၂၂၊ ၂၉၊ ၃၀ ရက်နေ့အထိ ဖြစ်ပွားခဲ့ကြောင်း AA ဘက်က ထုတ်ပြန်ထားသည်။







