နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ လည်ပင်းကြီး စသော ရောဂါဝေဒနာရှင်များကို စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ အခမဲ့ ဆေးကုသပေးနေသည်။
အလိုတော်ပြည့်ဆရာတော်ကြီးမှ လူနာနှင့် လူနာစောင့်များ နေထိုင်စားသောက်ရန်အတွက်ပါ အခမဲ့ စီစဉ်ပေးထားပြီး ဂျာမနီနိုင်ငံမှ အထူးကုခွဲစိတ်ပါရဂူအဖွဲ့နှင့် စစ်တွေမြို့မှ ဆရာဝန်ကြီးတို့ ပူးပေါင်းကာ ကုသပေးနေခြင်းဖြစ်သည်။
“ ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားတွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ လည်ပင်းကြီးစတဲ့ ရောဂါတွေကြောင့် လူ့အသိုင်းအဝိုင်း အပြင်ဘက်ကို ရောက်နေသလို သိမ်ငယ်ခြင်းခံစားနေရတဲ့ ဝေဒရှင်တွေအတွက် လူတောသူတောထဲ ရောက်နိုင်အောင်ရည်ရွယ်ချက်နဲ့ အခုလိုလုပ်ဖြစ်တာပါ ” ဟု အလိုတော်ပြည့်ဆရာတော် ဦးပညာဇောတ က မိန့်ကြားသည်။
အဆိုပါ ဆေးကုသမှုအစီအစဉ်ကို အလိုတော်ပြည့်ဆရာတော်ကြီး၏ သြဝါဒအရ မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ ကမကထပြုလျက် ပြည်နယ်အစိုးရအဖွဲ့၏ အဓိက ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
“ ဒီလည်ပင်းကြီးရောဂါဖြစ်တာ ၇ နှစ်ရှိနေပါပြီ။ အခုလို နိုင်ငံခြားက ပါရဂူတွေနဲ့ ခွဲစိပ်ခွင့်ရတဲ့အတွက် အလိုတော်ပြည့်ဆရာတော်နဲ့ ကုသပေးတဲ့ဆရာတွေကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မတို့မှာ ဆေးကုသဖို့ ငွေမရှိတဲ့အတွက် အခက်အခဲတွေ ရှိခဲ့တာပါ ” ဟု ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဒေါ်မအောင်သိန်းက ပြောသည်။
ဆေးကုသရန် လာရောက်သူများမှာ ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရန်ကုန်က လူနာများလည်း ပါဝင်သည်။ ယခုနှစ်တွင် ဆေးကုသရန်လာရောက်သည့် လူနာဦးရေ (၂၀၀)ဦးအနက် (၁၀၀) ဦးခန့်ကို စွဲစိပ်ကုသပေးသွားမည်ဟု ဦးပညာဇောတ က မိန့်သည်။
ယခုကဲ့သို့ အခမဲ့ ခွဲစိပ်ကုသပေးခြင်းကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ပြီး ယခုဆိုလျှင် (၈)ကြိမ်ရှိပြီဖြစ်ကာ လူနာ ၁၀၀၀ ကျော်ကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်ဟု သိရသည်။







