ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရာတွင် ဒေသခံများ၏ အခွင်အရေးများ ဆုံးရှုံးမှုမရှိအောင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးငြိမ်းချမ်းမောင်က ပြောသည်။
CITIC ကုမ္ပဏီဘက်က တာဝန်ရှိသူများ၊ပြည်နယ်အစိုးရ၊ြပည်ထောင်စု အစိုးရအဖွဲ့ဝင်များဘက်က တာဝန်ရှိသူများနှင့် လယ်ယာမြေ အစားပေးမည့်ကိစ္စများ ဆွေးနွေးပြီးနောက် နိုဝင်ဘာလ(၁၉)ရက်နေ့၊ ကျောက်ဖြူမြို့ အမုန်းတရားကင်းမဲ့ဇုန်၌ အစည်းအဝေးပြုလုပ်ရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အစည်းအဝေးမတိုင်မီ ဒီမှာရောက်နေတဲ့ CITIC ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ပါတယ်။ အဲဒါမတိုင်ခင်ကလည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ ပြည်နယ်အစိုးရကို ရော၊ ပြည်ထောင်စုအစိုးရ တာဝန်ရှိတဲ့လူတွေ ကျောက်ဖြူကို ရောက်လာတဲ့အချိန်မှာရော ကျွန်တော်တို့က လယ်ယာမြေနဲ့ပတ်သက်ပြီးတော့ အဓိက တင်ပြဆွေးနွေးထားတာ ရှိပါတယ်။ အကြမ်းဖျင်း သဘောတူထား တာတွေလည်းရှိတယ်။ အဓိကတော့ လယ်ယာမြေ အစားထိုးပေးမယ့်ကိစ္စ၊ ရေလုပ်သားတွေရဲ့ ကိစ္စတွေကို တင်ပြ ဆွေးနွေးထားတယ်”ဟု ဦးငြိမ်းချမ်းမောင်က ပြောသည်။
ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်းသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန် ထောက်ခံကြိုဆိုပွဲ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
စီမံကိန်းပြုလုပ်ရာတွင် ဒေသခံတောင်သူများ၏ အခက်အခဲများကို ဦးစားပေး ဆောင်ရွက်ပေးစေချင်ကြောင်း၊ လယ်ယာမြေ ဆုံးရှုံးမှုများ မရှိရအောင် အစားထိုး ဆောင်ရွက်ပေးစေချင်ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးရေးအသင်းမှ အတွင်းရေးမှူး ဦသိန်းတန်က ပြောသည်။
"ကျွန်တော်တို့မှာပါသွားတဲ့ လယ်ယာမြေတွေကို တတ်နိုင်တဲ့ အနေအထားကျရင် ပြန်လည်ဖော်ထုတ်ပြီးတော့ စက်မှုလယ်ယာအဖြစ် ပြန်လည်ဖော်ထုတ်ပြီးတော့ လိုချင်တာပေါ့။ နောက်နောင် သားတွေသမီးတွေ စားဖို့အတွက်ပေါ့။ နောက်ပြီးတော့ ပါသွားတဲ့ လယ်ယာမြေတွေကို ခေတ်ကာလနဲ့ညီညွတ်တဲ့ ကာလတန်ဖိုး တွေကိုလည်း ကျွန်တော်တို့ လိုချင်တာပေါ့"ဟု ဦးသိန်းတန်က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် တရုတ် CITIC ကုမ္ပဏီတို့သည် မြန်မာဘက်က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီက ရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် နိုဝင်ဘာလ ၈ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့သည်။







