စစ်တွေမြို့နယ်ရှိ အသက် (၇၅) နှစ်နှင့်အထက်ရှိပြီဖြစ်သည့် စာပေသမား (၁၂)ဦးကို ပူဇော်ကန်တော့ကြမည် ဖြစ်သည်။
အသက် ၇၅ နှစ်နှင့် အထက် စာပေသမားများကို လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စစ်တွေမြို့ ၊ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်းတွင် ပူဇော်ကန်တော့ပွဲပြုလုပ်သွားမည်ြဖစ်သည်။
ယင်းပူဇော်ပွဲတွင် အသက် (၇၅) နှစ်နှင့် အထက် ရှိပြီဖြစ်သည့် စစ်တွေမြို့နယ်ရှိ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ (၁၂) ဦးခန့်ကို ကန်တော့ကြမည်ဟု သက်ကြီးစာပေသမားများအား ပူဇော်ပွဲကျင်းပရေး ကော်မတီ ဥက္ကဌ ကဗျာဆရာ ကျော်စိုးလူက ပြောသည်။
“ ကျွန်တော်တို့ သက်ကြီးဆရာတွေကို နိုင်ငံတော်က အသက် ၈၀ ပြည့်မှ ပူဇော်ပွဲပြုလုပ်ကြတာ။ ဆိုတော့ ဒီရခိုင်ဒေသမှာ စာရေးဆရာတို့ဟာ အသက် ၈၀ ပြည့်ဖို့မနည်းကြိုးပမ်းရတယ်။ ကံတရားကြောင့် ကွယ်လွန်သွားတာလည်းရှိတယ်။ ဒီအတွက် အစဉ်လာရှိတဲ့ ဆရာ၊ဆရာမတွေကို ဒီဒေသအတွင်းမှာ ပူဇော်ချင်တဲ့ ဆန္ဒနဲ့ ပွဲလုပ်သွားမှာဖြစ်ပါတယ် ”ဟု ၎င်းက ဆိုသည်။
ယခုပွဲတွင် ကန်တော့ခံမည့် စာရေးဆရာများမှာ ဗဂျီးကျော်(စစ်တွေ)၊ဆရာချစ်(စစ်ေတွ)၊ကျွန်းသားငမန်း ၊စစ်တွေ ပွင့်လွှာ၊ မောင်ဗသိန်း ၊အနောက်သား(စစ်တွေ) နှင့် စသည့် စာရေးဆရာများပါဝင်မည်ဖြစ်သည်။
“ အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် ကြိုးစားအားကျလာဖို့အတွက် လုပ်သင့်တယ်လေ။ ကျွန်တော်ကတော့ ယခု သက်ကြီးပူဇော်ပွဲစာရင်းမှာပါဝင်တဲ့ အတွက် ပိုပြီးကြည်နူးဝမ်းသာမှုဖြစ်ရပါတယ်။ ပူဇော်ပွဲဖြစ်မြောက်အောင်လုပ်တဲ့ လူငယ်စာပေသမားတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ် ”ဟု စာရေး ဆရာကျွန်းသားငမန်းက ဆိုသည်။
ယခုပူဇော်ကန်တော့ပွဲတွင် စစ်တွေမြို့နယ်အတွင်းက စာရေးဆရာများသာ ပါဝင်သောကြောင့် လာမည့်နှစ်များတွင် ရခိုင်ပြည်နယ် မြို့နယ်အနှံ့က သက်ကြီး စာရေးဆရာများကိုလည်း ပူဇော်ရန် မျှော်မှန်ထားကြောင်း ယင်းကော်မတီထံက သိရသည်။







