ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဆန်တင်ပို့မှုကို ယခုလအတွင်းတွင် ရပ်ဆိုင်းထားသည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းသာစိန် က ပြောသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်မှ တင်ပို့သည့် ဆန်တစ်အိတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ယခင်က တာကာငွေ ၁၅၀ အခွန် ဆောင်ရရာမှ ယခု ဆန်တစ်အိတ်ကို တာကာငွေ ၅၀၀ အခွန် တိုးမြှင့်ကောက်ခံလိုက်သောကြောင့် ဆန်တင်ပို့မှု ရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ဆန်တင်ပို့နေသူများက ပြောကြသည်။
“ဇွန်လကနေပြီးတော့ အခွန်နှုန်းထားတွေကို မလျှော့ပေးတော့ပါ။ အခွန်တွေ မြင့်တက်လာတော့ ကျွန်တော်တို့ ပြည်တွင်းမှာလည်း ဆန်ဈေးတွေက မြင့်တက်လာတယ်။ ကုန်သည်တွေက အကျိုးအမြတ်မရှိတော့ တင်ပို့မှုလျှော့ကျလာတယ်။ အခု နိုဝင်ဘာလမှာဆို ဆန်လုံးဝ မတင်ပို့နိုင်တော့ပါ ” ဟု စခန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က ဆိုသည်။
သို့သော် ပြည်တွင်းတွင် ဆန်သစ်များပေါ်နေပြီဖြစ်သောကြောင့် ဆန်ဈေးနှုန်းကျဆင်းလာမည်ဟု မျှော်လင့်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း အခွန်နှုန်းထားများလျှော့လာလျှင် ပြန်လည် တင်ပို့ နိုင်လိမ့်မည်ဟု ၎င်းကဆက်လက်ပြောသည်။
၂၀၁၇-၂၀၁၈ ခု ဘဏ္ဍနှစ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်တန်ချိန် ၂၆၀၀၀ ကျော်တင်ပို့နိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလ ဧပြီလမှ စက်တင်ဘာလ အထိ ဆန်တန်ချိန် ၄၂၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလတွင် ဆန်တန်ချိန် ၂၀ သာ တင်ပို့နိုင်ခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းက သိရသည်။







