ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ထိန်ပင်အုပ်စု၊ ပြင်ယောင်းကျေးရွာနှင့် အိုးပျဉ်တောင် ကျေးရွာသူ ကျေးရွာသားများပိုင်ဆိုင်သည့် စားကျက်မြေဧက ၂၀၀ ကျော် ပေါ်တွင် လယ်တက်ရောက် ထွန်ယက်သူများကို မြို့နယ်အာဏာပိုင်များမှ ထိထိရောက်ရောက် မတားဆီးရာမှ ဒေအတွင်းမှ တောင်သူလယ်သမားများ အနေဖြင့် ကျွဲနွားမွေးမြူရန် အထူးအခက်အခဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။
၎င်းစားကျက်မြေမှာ မင်းပြားမြို့နယ်၊ ထိန်ပင်အုပ်စု၊ ပြင်ယောင်းကျေးရွာနှင့် အိုးပျဉ်တောင် ကျေးရွာသားများပိုင်သည့် ရွှေကျန်တောတန်းမြောက်ကွင်း စားကျက်မှု အမှတ် ၅၈၈၇/၁၉၀၇-၁၉၀၉ စားကျက်မြေဧက ၂၀၀ ကျော်ခန့် ဖြစ်ကြောင်း၊ ၎င်းစားကျက်မြေများကို စစ်အစိုးရလက်ထက် ထောက်လှမ်းရေးခေတ်တွင် ထောက်လှမ်းရေး စားကျက်၊ မြေစာရင်းစားကျက်၊ ထွေအုပ်စားကျက် စသဖြင့် အမျိုးမျိုးခေါင်းစဉ်တပ်ကာ သူတို့နှင့် ရင်းနှီးသူများကို သီးစားချ လုပ်ကိုင်ခွင့်ပေးထားသောမြေများ ဖြစ်ကြောင်း သိရသည်။
“ အခု ထွန်နေတဲ့သူတွေက ပြင်ယောင်း၊ ရွှေကျန်၊ ပန်းမြောင်းကျေးရွာမှ လူပေါင်း ၂၉ ဦးဖြစ်ပါတယ်။ ရွှေကျန်က အများဆုံးပါ။ အခုလို စားကျက်မြေပေါ်လယ်ထွန်လိုက်တော့ ကျေးရွာသူ ကျေးရွာသားတွေမှာ စားကျက်မြေမရှိတော့ ကျွဲတွေကို တောင်ပေါ်လွှတ်တင် မွေးရတယ်။ ဟိုတစ်လောက ကျွဲတွေသေတာ စားကျက်မြေ မရှိလို့ တောင်ပေါ်လွှတ်တင်မွေးရာကနေ သေဆုံးတာ ဖြစ်ပါတယ်” ဟု အိုးပျဉ်ထောင် အုပ်ချုပ်ရေးမှူးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
အဆိုပါ စားကျက်မြေပေါ်တွင် လယ်ယာထွန်ယက်ခြင်း မပြုရန် မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်မှ ၂၀၁၈ ခုနှစ် မေလ ၂၁ ရက်နေ့ စာအမှတ် (၇၀၉)/၄/၁-၃/ ဦး၁ဖြင့် စားကျက်မြေ ကျူးကျော်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဟန့်တားစာ ထုတ်ပြန် ဆောင်ရွက်သွားရန်နှင့် စားကျက်မြေကို စားကျက်မြေအတိုင်းထားရှိရန် ပြင်ယောင်းကျေးရွာနှင့် အိုးပျဉ်တောင် အုပ်ချုပ်ရေးမှူးများသို့ စာထုတ် အကြောင်းကြားခဲ့သည်။
“ မြို့နယ် အုပ်ချုပ်ရေးမှူးက စာထုတ်ပေမယ့် မလိုက်နာပါဘူး။ ဆက်ထွန်တာပါဘဲ။ ကျွန်တော်တို့ရွာသားတွေက စာရေးတင်တော့ စစ်ဆေးရေး အဖွဲ့ လာစစ်ဆေးပါတယ်။ ဒါပေမယ့် ဟန်ပြစစ်ဆေးတာပါ။ ပြန်သွားတော့ ဆက်ထွန်နေကြတာပါဘဲ” ဟု အိုးပျဉ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြင်ယောင်းကျေးရွာလူကြီး တစ်ဦးကလည်း အထက်လူကြီးများနှင့် ၎င်းစားကျက်မြေပေါ် လယ်ထွန်ယက်စိုက်ပျိုးသူများမှာ နားလည်မှုယူထားကြကာ ပေါင်းစားနေသည်ဟု သတင်းရရှိကြောင်း၊ အထောက်အထားများကို ရှာဖွေနေကြောင်း၊ အထောက်အထားရရှိပါက အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ တိုက်ရိုက်တိုင်ကြားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
၎င်းပြင် စားကျက်မြေကို လယ်အဖြစ် ပြောင်းလဲရန် ၎င်းသူများမှ မြို့နယ်တွင် ပုံစံ (၇) လျှောက်ထားကြောင်း၊ ကျေးရွာ ၁၂ ရွာမှ ရွာသားများမှ လက်မှတ်ရေးထိုးပြီး ကန့်ကွက်ထားကြောင်း၊ သို့အတွက် ယခုထက်ထိ ပုံစံ ( ၇) မရသေးဘဲ ဖြစ်နေကြောင်း သိရသည်။
၎င်းစားကျက်မြေပေါ်တွင် လယ်ယာထွန်ယက်စိုက်ပျိုးနေသဖြင့် မြို့နယ် အာဏာပိုင်များအနေဖြင့် ကျေးရွာ ၁၂ ရွာမှ တောင်သူ လယ်သမားများ၏ မျက်နာကိုထောက်ထားကာ စားကျက်မြေပေါ် လယ်ယာထွန်ယက် စိုက်ပျိုးသူများကို အရေးယူရန် လိုအပ်နေကြောင်း ဒေသခံရွာသားများက ပြောကြားသည်။







