ဖမ်းဆီးခံ Eleven သတင်းသမားများ ပြန်လွှတ်ပေးရန် PEN America တောင်းဆို

ဖမ်းဆီးခံ Eleven သတင်းသမားများ ပြန်လွှတ်ပေးရန် PEN America တောင်းဆို
by -
ဇေယျာမော်
Weekly Eleven ဂျာနယ်ပါ ဆောင်းပါးရေးသားခဲ့သူ ဖြိုးဝေ (လက်ပြနေသူ) အား တာမွေရဲစခန်းသို့ လာရောက်အဖမ်းခံရာတွင် တွေ့မြင်ရစဉ်။ဓာတ်ပုံ - EPA-EFE/LYNN BO BO
Weekly Eleven ဂျာနယ်ပါ ဆောင်းပါးရေးသားခဲ့သူ ဖြိုးဝေ (လက်ပြနေသူ) အား တာမွေရဲစခန်းသို့ လာရောက်အဖမ်းခံရာတွင် တွေ့မြင်ရစဉ်။ဓာတ်ပုံ - EPA-EFE/LYNN BO BO

Eleven Media Group မှ သတင်းထောက်သုံးဦး ဖမ်းဆီးခံထားရမှုအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ယင်းတို့အား စွဲဆိုထားသည့် စွဲချက်များကို ရုပ်သိမ်းပေးရန် PEN America က တောင်းဆိုလိုက်သည်။

"အစိုးရ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် စုံစမ်းစစ်ဆေး၊ ဖော်ထုတ်တင်ပြရာမှာ သတင်းမီဒီယာ ရဲ့ လုပ်ဆောင်နိုင်စွမ်းက အားကောင်းတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုဖြစ် ပါတယ်" ဟု PEN America ရဲ့ လွတ်လပ်စွာထုတ်ဖော်မှုဆိုင်ရာ ဒါရိုက်တာ Karin Deutsch Karlekar က ဆိုသည်။

Eleven မီဒီယာ၏ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း ၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေတို့အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားစွဲဆိုထားခြင်း ဖြစ်သည်။

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့် “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင် တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါး ပါအချက်အလက်၊ အကြောင်းအရာများနှင့် ပတ်သက်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် သတင်းမီဒီယာများ ဖမ်းဆီးခံရမှုသည် ပိုမိုမြင့်မားလာနေပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆) ဃ ဖြင့် စွဲဆိုခံရမှုသည် တစ်ဒါဇင်ကျော်ရှိနေပြီး ပဋိပက္ခဖြစ်ပွားရာဒေသများဖြစ်သည့် ရခိုင် ၊ ရှမ်းနှင့် ကချင်ပြည်နယ် တို့တွင်လည်း သတင်းအချက်အလက် ရယူခွင့် ကန့်သတ်ခံထားရသည်ဟုလည်း PEN America ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အမြင်သဘောကွဲလွဲတဲ့ ထုတ်ဖော်ပြောဆိုသံတွေဟာ မြန်မာနိုင်ငံမှာ ပိုပိုပြီး ဖိနှိပ်နှိမ်နင်းခံနေရပြီး သတင်းထောက် တွေဟာလည်း သူတို့ရဲ့ အလုပ်အတွက်ပဲ ထောင်ချခံနေရပါတယ်၊ ပရော်ဖက်ရှင်နယ် အပေါ်မှာ ကျောချမ်းစရာ သက်ရောက်မှုတစ်ခုကို ဖြစ်စေပါတယ်” ဟု PEN America ရဲ့ လွတ်လပ်စွာ ထုတ်ဖော်မှုဆိုင်ရာဒါရိုက်တာ Karin Deutsch Karlekar က ဆိုသည်။

ယခုနှစ်အစောပိုင်းတွင်လည်း PEN America ရဲ့ နှစ်စဉ်ချီးမြှင့်နေကျ PEN/Barbey လွတ်လပ်စွာ ရေးသား ခွင့်ဆုကို အကျဉ်းကျခံနေရသည့် ရိုက်တာသတင်းသမားနှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့က ရရှိခဲ့သည်။

၎င်းတို့နှစ်ဦးသည်လည်း နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံခဲ့ရပြီး တရားရုံး ကြားနာစစ်ဆေးပြီး နောက် စက်တင်ဘာ ၃ ရက်က ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...