ဖမ်းဆီးထားသည့် နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က သဘောတူညီခဲ့သည်ဟု နမ့်ခမ်းမြို့ ရှမ်းလူငယ် ကွန်ရက် ဆက်ဆံရေးတာဝန်ခံ စိုင်းသိန်းရွှေက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။
“အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ TNLA ကဆိုပါတယ်” ဟု စိုင်းသိန်းရွှေက ပြောသည်။
နန်းမိုဟွမ်မိသားစုဝင်များနှင့် နမ့်ခမ်းမြို့နယ်၊ ရှမ်းလူမှုအဖွဲ့အစည်း(၁၀) ဖွဲ့၏ မေတ္တာရပ်ခံမှုကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း FPNCC နှင့် ရှမ်းလူမှုအဖွဲ့အစည်းအပေါင်း(၁၀)ဖွဲ့မှ အောက်တိုဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“TNLA အနေဖြင့် ကာလရှည်ကြာအတူတကွ နေထိုင်လာခဲ့သော တိုင်းရင်းသားများချစ်ကြည် ရင်းနှီး ဆက်ဆံမှုကို ရှေးရှု၍ နန်းမိုဟွမ်အား ခွင့်လွှတ်ပေးခဲ့ပြီး အမြန်ဆုံးလွှတ်ပေးရန် သဘောတူခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
UWSA ‘ဝ’ အဖွဲ့ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC သည် နန်းမိုဟွမ် အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် နန်းမိုဟွမ် လွတ်မြောက်ရေးလှုပ်ရှားသူများအကြား ဝင်ရောက်ညှိနှိုင်းပေးခဲ့ရန် ပန်ဆန်းသို့ ဖိတ်ခေါ်တွေ့ဆုံ ခဲ့ပြီးနောက် နန်းမိုဟွမ်အား ပြန်လွှတ်ပေးမည်ဟု ကတိရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် နေထိုင်သည့် နန်းမိုဟွမ်ကို သြဂုတ်လအတွင်းက TNLA အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး TNLA ဗဟိုတရားရုံး၌ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့်အရေးယူကာ အောက်တိုဘာ ၅ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ်အတွင်းပိုင်း၌ နန်းမိုဟွမ်၏ နေအိမ်သို့ TNLA အဖွဲ့မှဆက်ကြေး လာရောက် တောင်းယူခဲ့ပြီးနောက် ပြန်အထွက်တွင် တပ်မတော်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ TNLA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီးတစ်ဦး အဖမ်းခံခဲ့ရသည်။ ယင်းကိစ္စတွင် နန်းမိုဟွမ်မှ သတင်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု TNLA ဘက်က ပြောဆိုထားခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှားယွင်းမှုအချို့ရှိခဲ့ကြောင်း နန်းမိုဟွမ်ကိုယ်တိုင်ဝန်ခံခဲ့ခြင်းကြောင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း FPNCC နှင့် ရှမ်းလူမှုအဖွဲ့အစည်းအပေါင်း(၁၀)ဖွဲ့ ၏ ပူးပေါင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။







