ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူငယ်တစ်ဦးကို ရဲက ယနေ့ထပ်မံဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူလူငယ်မှာ ကိုမေယုထွန်းဖြစ်ပြီး ယနေ့ နံနက် ၁၁ နာရီ ကျော်က စစ်တွေမြို့လောကနန္ဒာ ဘုရားရှေ့တွင် ရဲကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ ပြောသည်။
“ကျွန်မတို့ကအလုပ်လုပ်နေတုန်း ကလေးတစ်ယောက်က ပြေးလာပြီးပြောတယ်။ကိုမေယုထွန်းကို ဖမ်းနေကြပြီလို့ပေါ့နော်။ပြောတဲ့အချိန်မှာ ကျွန်မတို့လည်းလိုက်သွားတာပေါ့။လိုက်သွားတဲ့အခါကျ တော့ အဲ့မှာတွေ့တာပေါ့။တွေ့တော့ အဲ့ဒီရဲတွေကိုမေးတာပေါ့။ ဘာကိစ္စဖမ်းတာလဲပေါ့။မေးတဲ့ခါကျ တော့ ဘယ်သူမှ မဖြေဘူးပေါ့နော်။အဲ့အချိန်မှာတော့ ကိုမေယုထွန်းက ကားထဲရောက်နေပြီ။အဲ့တော့ ဘာကိစ္စဖမ်းတာလဲပေါ့။ဒီကလေးကို။ဘာအမှုနဲ့ဖမ်းတာလဲဆိုတော့ ဘယ်သူကမှ မဖြေဘူး။ကားတံခါး ကိုပိတ်လိုက်တယ်ပေါ့နော်။အဲ့ဒါနဲ့ ဘယ်ကိုဖမ်းသွားတာလဲဆိုတာလဲ မဖြေဘူး။အဲ့ဒါနဲ့ နောက်ကနေ ဆိုင်ကယ်နဲ့လိုက်တဲ့ ရဲတစ်ယောက်ကိုပေါ့နော်။ဒီကလေးကို ဘယ်ကိုဖမ်းသွားတာလဲ ဆိုတော့ အမှတ် ၁ ရဲစခန်းကိုပါတဲ့။အဲ့လိုဖြေသွားပါတယ်”ဟု ၎င်းအမျိုးသမီးက ပြောသည်။
ကိုမေယုထွန်းကို ဖမ်းဆီးသွားသည့်အထဲတွင် ရဲဝတ်စုံယူနီဖောင်းအပြည့်နှင့် ရဲငါးဦးခန့် ပါဝင်ပြီး အရပ်ဝတ်ပုံစံဖြင့် နှစ်ဦးပါဝင်သည်ဟု သိရသည်။
ကိုမေယုထွန်းသည် ရခိုင်လူငယ်ညီလာခံ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ရခိုင့်လူမှုအရေးကို တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည်။
ကိုမေယုထွန်းကိုမဖမ်းဆီးခင် ရခိုင်လူငယ်တစ်ဦးဖြစ်သည့် ဘူသီးတောင်မြို့မှ ကိုအောင်ဇော်လင်း (ခ)အောင်ချေ ကိုလည်း အောက်တိုဘာ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က စစ်တွေမြို့ မီးစက်ကြီး လမ်းဆုံတွင် ရဲကဖမ်းဆီးသွားခဲ့သည်ဟုသိရသည်။
ထိုသို့ လူငယ်များကိုဖမ်းဆီးစစ်ဆေးခြင်းပြုလုပ်နေသည်မှာ စစ်တွေဝင်္ကဘာကွင်းတွင် စရဖတစ်ဦးလုပ် ကြံသတ်ဖြတ်ခံရမှုနောက်ပိုင်း ယခုလို အဖမ်းအဆီးများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခြင်း ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာ ၎င်းအမှုတွဲမှာ အမှတ် (၂) ရဲစခန်းနှင့် သက်ဆိုင်သဖြင့် အမှတ် (၂) စခန်းသို့ ဆက်သွယ်ပါဟု ပြောကြားသဖြင့် ဖုန်းဖြင့်ဆက်သွယ်ရာ အမှတ်(၂) စခန်းမှူးမှ မအားသေးကြောင်း ပြောဆိုကာ ဖုန်းချသွားခဲ့သည်။







