ကျန်းမာရေးပြန်ကောင်းလာလို့ သီချင်းတွေပြန်ဆိုတော့မယ်လို့ ဆိုလာတဲ့ စိုင်းဆိုင်မောဝ်

ကျန်းမာရေးပြန်ကောင်းလာလို့ သီချင်းတွေပြန်ဆိုတော့မယ်လို့ ဆိုလာတဲ့ စိုင်းဆိုင်မောဝ်
by -
ဒေါင်းလူ

မြန်မာစတူဒီယိုခေတ်ဦးလောကမှာ အထူးထင်ရှားခဲ့သူဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် ဂီတ လောကမှာ အချိန်အတော်ကြာပျောက်ကွယ်နေတဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ သီချင်းတွေ ပြန်ဆိုတော့မယ်လို့ အောက်တိုဘာ ၄ ရက်နေ့က မဇ္ဈိမကို ပြောပါတယ်။

" သီချင်းပြန်ဆိုမယ်။ မကြာခင် ရှိုးပွဲစီစဉ်နေတာရှိတယ်။ ရန်ကုန်အမျိုးသားကဇာတ်ရုံမှာ အားလုံးပါတဲ့ ရှိုးပွဲရှိတယ်။ စိုးပိုင်တို့လည်းပါတယ်။ လူကြီးတန်းတွေဆိုကြမှာ။ အဲဒီမှာ ဘာသီချင်းဆိုမယ်ဆိုတာ တော့ မရွေးရသေးဘူး။" လို့ စိုင်းဆိုင်မောဝ်က ပြောပါတယ်။ ရှိုးပွဲကျင်းပမယ့် အစီအစဉ်ကို နောက်မှ အသေးစိတ်ထပ်ပြောမယ်လို့လည်း စိုင်းဆိုင်မောဝ်က ဆိုပါတယ်။

စိုင်းဆိုင်မောဝ်ဟာ ကျောက်ကပ်ရောဂါဝေနာခံစားခဲ့ရပြီး ဘန်ကောက်ဆေးရုံကြီးကို ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်က ပထမအကြိမ် သွားရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် ရန်ကုန်မြို့ အင်း စိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်က သူ့ရဲ့နေအိမ်မှာ အနားယူခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ ၁၀ ရက် နေ့မှာ အသေးစားခွဲစိတ်ကုသဖို့ ဘန်ကောက် ကို ပြန်သွားခဲ့ပြီး လက်ရှိတော့လာရှိုးမြို့မှာ နေထိုင်နေတယ်လို့ သိရပါတယ်။

" ဘန်ကောက်ကို သွားရောက်ခွဲစိတ်ကုသလိုက်တာ ကောင်းသွားတယ်။ အခုကတော့ ကျန်းမာနေပြီ၊ အေးဆေးပဲ။ အခုက လာရှိုးမှာ၊ ရန်ကုန်တော့ ပြန်မရောက်သေးဘူး။ သီချင်းတွေလည်း ပြန်ဆိုမယ်လေ။" လို့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်က ပြောပါတယ်။

အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ ကျောက်ကပ်ရောဂါဝေနာခံစားခဲ့ရပြီး သူကွယ်လွန်ပြီဆိုတဲ့ သတင်းတွေ လည်း လူမှုကွန်ယက်တွေပေါ်မှာ မကြာခဏပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းတွေအပေါ်မှာ စိုင်းဆိုင်မောဝ်က နေကောင်းလာတာနဲ့ သီချင်းတွေ အများကြီး ဆက်ဆိုသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။

စိုင်းဆိုင်မော့ဝ်ဟာ မြန်မာစတူဒီယို ခေတ်ဦးလောကမှာ အထူးထင်ရှားခဲ့သူဖြစ်ပြီး သူ့ရဲ့ သီချင်းတွေဟာ ဒီကနေ့အထိ လူတွေရဲ့ပါးစပ်ဖျားမှာ အထူးရေပန်းစားနေဆဲဖြစ်ပါတယ်။ "မောင်ပေးတဲ့ အချစ် ပြန်ဆပ်ခဲ့ပါ" ဆိုတဲ့ သီချင်းလေးကို သီဆိုခဲ့တဲ့ ရှမ်း တိုင်းရင်းသားကြီး အဆိုတော် စိုင်းဆိုင်မောဝ် တစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျန်းမာရေး မကောင်းခဲ့တဲ့ အတွက် ပရိတ်သတ်တွေလည်း စိတ်ပူပန်ခဲ့ကြပါတယ်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...