မသန်စွမ်းသူများကို အလုပ်ခန့်ထားခြင်းဆိုင်ရာ အလုပ်ရှင်လက်စွဲစာအုပ်ကို ပြုစုနေပြီဖြစ်ပြီး ယခုနှစ် အတွင်း ထွက်ရှိမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက ပြောသည်။
“သူက မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်ရှင်တွေအတွက်လက်စွဲစာအုပ်ပေ့ါ။ ဘာလဲဆိုတော့ သူက မသန်စွမ်းသူတွေ ကို အလုပ်ခန့်တာပေါ့။ ဒီဟာကို MCRP ပေ့ါနော်။ မြန်မာစီးပွားရေးကဏ္ဍ တာဝန်ယူမှုဖြစ်ရေး အထောက်အကူ ပြုကဏ္ဍရယ်၊ နောက် AAR ဂျပန်ကနေ ပူးပေါင်းပြီးတော့ ရေးတာပေ့ါနော်။ ဒါကို JICA နဲ့လည်း မိတ်ဖက် အစီအစဉ်တစ်ခုဖြစ်တာပေ့ါနော်။ ဖြစ်တော့ သူက အဓိကကတော့ သူက မသန်စွမ်းသူအရေအတွက် ဘယ်လောက် ရှိတယ်။မသန်စွမ်းသူဆိုတာ ဘာလဲ၊ နောက် မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေနဲ့ သန်စွမ်းမှု ကိစ(စ)ရပ်တွေ နောက်ခွဲခြားဆက်ဆံခြင်းဆိုတာ ဘာလဲ အဲ့မှာ ပုဂ္ဂိုလ်ရေး အတွေ့အကြုံအချို့ကို ထည့်ထားတယ် ” ဟု ဦးစွမ်းရည်ရက ပြောသည်။
အဆိုပါ လက်စွဲစာအုပ်တွင် မသန်စွမ်းသူများအား အလုပ်ခန့်ထားပါက ရရှိလာမည့် စီးပွားရေး အကျိုးအမြတ်၊ ထိုသူတို့၏ အလုပ်အကိုင်အောင်မြင်မှုများအား လေ့လာချက်များအပြင် လုပ်ငန်းခွင်အတွင်း အဆင်ပြေ သင့်လျော်သည့် ပတ်ဝန်းကျင်များကို ပြင်ဆင်ပူးပေါင်းပေးမှုများ လုပ်ဆောင်ပေးရန် အချက်များစွာ ပါဝင်ကြောင်း သိရသည်။
မသန်စွမ်းသူများကို အလုပ်ခန့်အပ်ထားမှုများရှိနေပေမယ့်လည်း ထိရောက်သည့် ခန့်ထားမှုများမရှိကြောင်းနှင့် အချို့အလုပ်ရှင်များသည် အလုပ်ခန့်ထားချင်ပေမယ့် မည်သို့ ခန့်ထားပေးရမည်ကို မသိကြောင်း၊ ဖြစ်နေသည့် အချက်များကို စာအုပ်မှ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဦးစွမ်းရည်ရက ဆက်ပြောသည်။
“ဥပမာ မသန်စွမ်းမှု အလိုက်သူတို့ရဲ့ အားသာချက်ကို အခြေပြုပြီး အလုပ်ခန့်ထားတာမျိုးလေးတွေပေ့ါ ။ ဥပမာ ဆို အမြင်အာရုံမသန်စွမ်းသူဆိုရင် ဖုန်းအော်ပရေတာလို ခန့်လိုရတဲ့ ကိစ္စမျိုးလေးတွေ။ နောက်ပြီးတော့ အကြား အာရုံမသန်စွမ်းသူတွေဆိုရင် Word Design ပေါ့ ဘာလို့လဲဆို ဒီအော်ပရေတာပေ့ါနော်။ သူကတော့ အီးမေးလ်ဘာညာ အဲ့လိုပုံစံပေ့ါ။ အဲဒါမျိုးလေးတွေ ပညာပေးတာပေ့ါ။ နောက် ဥပမာဆို နောက်အရမ်းကြီး လုပ်ငန်းခွင်ထဲမှာ သွားစရာ၊ လာစရာမလိုတဲ့ ထိုင်လုပ်ရမယ့်အလုပ်ဆိုရင် ဒီမှာသူက ဝှီးချဲနဲ့ ဒါမျိုးပေါ့။ အဲ့ဒါမျိုးလေးတွေပေ့့ါ။ ဒါတွေ ဘယ်လိုစီစဉ်ပေးရမလဲ။ ဘယ်လိုပြုပြင်မွမ်းမံပေးရမလဲဆိုတဲ့ဟာလေးတွေ ဒီလက်စွဲစာအုပ်က နေပြီးတော့ လမ်းညွှန်တာပေ့ါ။ လမ်းညွှန်ချက်တစ်ခုလို ထုတ်ပေးတယ်”ဟု လက်စွဲစာအုပ် တွင် ပါဝင်မည့်အကြောင်းအရာပေါ် ဦးစွမ်းရည်ရက ပြောသည်။
မသန်စွမ်းသူများကို အလုပ်ခန့်ထားခြင်းဆိုင်ရာ အလုပ်ရှင်လက်စွဲ စာအုပ်ကို ပြုစုရေးသားနေသည်မှာ မူကြမ်းအဆင့်သို့ရောက်ရှိနေပြီး ယခုနှစ်ကုန်ပိုင်းတွင်ထွက်ရှိမည်ဖြစ်သည်။
"ဒီလက်စွဲစာအုပ်က အထောက်အပံ့တစ်ခုတော့ဖြစ်မယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှင်တွေက မသန်စွမ်းတွေ ကို တကယ်အလုပ်အကိုင် အခွင့်အလမ်းပေးချင်တာတောင်မှ ဘယ်လိုပေးရမလဲ။ ဘာတွေဆိုတာ သူတို့မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတာပေါ့လေ။ အခုဆိုအမျိုးသားကော်မတီပေါ်တော့မယ်ဗျာ ။ အမျိုးသားကော်မတီမှာ တော့ ကိုယ်တာစနစ်ကျင့်သုံးဖို့ပြောနေကြပြီဗျာ။ မသန်စွမ်းတွေအလုပ်ခန့်လိုက်တယ် ဒီနေ့ခန့် မနက်ဖြန် ထွက်သွားတယ်ဆိုရင် အဆင်မပြေဘူးလေ။အလုပ်ရှင်တွေဘက်ကကြိုပြင်ဆင်ရမယ့်အချက်အလက်တွေပေါ့။ နိုင်ငံတော်ဘက်ကလည်း မသန်စွမ်းတွေကိုအလုပ်ခန့်ရင် အခွန်လျော့ပေါ့တာပေ့ါ ။ နောက်ပြီး ပြင်းထန်တဲ့ မသန်စွမ်းသူဆို ဘယ်လောက်အခွန်လျော့ပေါ့မလဲပေါ့ဆိုတာတွေ တိုက်တွန်းထားတယ်ဗျာ။ ဒါတွေက တော်တော်အထောက်အပံ့ဖြစ်မှာပါ" ဟု ရွှေမင်းသားဖောင်ဒေးရှင်းမှ ဦးမြတ်သူဝင်း က ပြောသည်။
စက်တင်ဘာ ၂၆ရက်က နေပြည်တော်ရှိ Kempinski Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် မသန်စွမ်းသူများ အကျုံးဝင် ဖွံွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင်သန်စွမ်းသူများအတွက် မှိုစိုက်ပျိုးရေး သင်တန်းများအပြင် ၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ယူနိုင်ရေးများအပြင်မသန်စွမ်းသူများအလုပ်ခန့်ထားခြင်းဆိုင်ရာ အလုပ်ရှင်လက်စွဲစာအုပ်ကို ပြုစုနေပြီဖြစ်ကြောင်းဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ထည့်သွင်းပြောကြားထားသည်။
အဆိုပါ မသန်စွမ်းသူများအလုပ်ခန့်ထားခြင်းဆိုင်ရာ အလုပ်ရှင်လက်စွဲစာအုပ်ကို ဝန်ကြီးဌာနမှတစ်ဆင့် မသန်စွမ်းအဖွဲ့အစည်းများသို့ဖြန့်ဝေသွားနိုင်ပြီး ၄င်းတို့မှတစ်ဆင့် ပြန်လည်ဖြန့်ဝေပေးမည်ဖြစ်သည်ဟု ဦးမြတ်သူဝင်းက ထင်မြင်ကြောင်း ဆိုသည်။







