ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင်တို့အား ချက်ချင်းလွတ်ပေးရန် တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ရခိုင်လူငယ်များဆန္ဒဖော်ထုတ်တောင်းဆို

ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင်တို့အား ချက်ချင်းလွတ်ပေးရန် တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ရခိုင်လူငယ်များဆန္ဒဖော်ထုတ်တောင်းဆို

နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေး ဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံး ပြန်လွတ်ပေးရန် ရခိုင်လူငယ် ၅၀ ခန့်မှ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့၌ ယမန်နေ့ စက်တင်ဘာ ၁၉ နေ့ရက်တွင် ဆန္ဒဖော်ထုတ် တောင်းဆို ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို ဂျပန်ရောက် ရခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရက္ခိုင်လူငယ်များ အစည်းအရုံး(ဂျပန်)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ ညနေ ၃ နာရီမှ ၄ နာရီခွဲထိ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်ဟု သိရှိရသည်။

“ ဆန္ဒဖော်ထုတ်ရတဲ့ အဓိကရည်ရွယ်ချက်က ရခိုင်လူထု ခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို မတရားသဖြင့် ဖမ်းဆီးထားတဲ့ အတွက် သူတို့နှစ်ဦးကို အမြန်ဆုံး လွတ်ပေးဖို့ တောင်းဆိုလိုတဲ့ အတွက် ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ရက္ခိုင်လူငယ်များ အစည်းအရုံး (ဂျပန်) ဥက္ကဋ္ဌ ကိုစိုးနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ရခိုင်လူမျိုးများသာမက စိတ်ပါဝင်စားသူ တိုင်းရင်းသား လူငယ်တစ်ချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖော်ထုတ်သူများသည် ရခိုင်ခေါင်းဆောင်ဒေါက်တာအေးမောင် လွတ်မြောက်ရေး- ရက္ခိုင်သားအရေး၊ စာရေးဆရာဝေဟင်အောင်လွတ်မြောက်ရေး- ရက္ခိုင်သားအရေး၊ မြောက်ဦးလူသတ်မှု အမှုမှန် ပေါ်ပေါက်ရေး ရက္ခိုင်တစ်မျိုးသားလုံးအရေး၊ ရက္ခိုင်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး- ရက္ခိုင်တစ်မျိုးသားလုံးအရေးစသည့်စာသားများပါ ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၎င်းပြင် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ပြုလုပ်သည့် ရက္ခိုင်လူငယ်များ အစည်းအရုံး(ဂျပန်)မှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံး ပြန်လွတ်ပေးရန် တောင်းဆိုထားသည်။

ရက္ခိုင်လူငယ်များ အစည်းအရုံး(ဂျပန်)မှ ရေးသားပေးပို့သည့် စာထဲတွင် ရခိုင်လူထု ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့အား ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ရသေ့တောင်မြို့တွင် စာပေဟောပြောမှုကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဆုံးဖြတ်ချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုထားကြောင်း၊ သူတို့နှစ်ဦးသည် မိမိတို့ ရခိုင်လူမျိုးများ ညီညွတ်မှု မရှိသောကြောင့် ရခိုင်အချုပ်အချာကျရူံးခဲ့ပုံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း လက်ရှိ ရခိုင်ပြည် အခြေအနေအရပ်ရပ်များကို သုံးသပ် ဟောပြောခဲ့ခြင်းသာ ဖြစ်ပြီး၊ လူကြီးမင်းတို့ စွပ်စွဲခဲ့သလို နိုင်ငံတော်ကို ပုန်ကန်သည့် အကြောင်းအရာ၊အစိုးရအား အကြည်အညို ပျက်စေသော အကြောင်းအရာများကို ဟောပြောခဲ့ခြင်းမရှိကြောင်း စသဖြင့် ရေးသားဖော်ပြထားပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား တရားဆွဲဆို ထားခြင်းကို ခြွင်းချက်မရှိ ရုပ်သိမ်းပြီး၊ ချက်ချင်းလွတ်ပေးပါရန် တောင်းဆိုထားသည်။

April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...