ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း အနီးမြစ်မှ စတင်ခဲ့သည့် ရေထု ညစ်ညမ်းမှုနှင့် ပတ်သတ်၍ စစ်တမ်းကောက်ယူထားချက်များကို အမ်းမြို့နယ်ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေး အဖွဲ့က စက်တင်ဘာလ ၁၇ ရက် နေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သီးသန့် တွေ့ဆုံကာ တင်ပြခဲ့သည်။
လက်ရှိတွင် မြစ်ရေညစ်ညမ်းမှုမှာ မြို့နယ် ၅ ခုထိ ပျံ့နှံ့လျှက်ရှိပြီး ကျောက်ဖြူမြို့နယ် ငန်းကျွန်းကျေးရွာတွင်ဆိုလျှင် လူဦးရေ ၂၀၀ ဝန်းကျင်မှာ အရေပြားယားယံသည့် ဝေဒနာကို ခံစားနေရသည်ဟု ထိုအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။
ယင်းတွေ့ရှိချက်များကို ပြည်နယ်အစိုးရမှ သော်လည်းကောင်း၊ ပြည်နယ်အစိုးရမှ မတတ်နိုင်သည့် အချက်အလက်များကို ပြည်ထောင်စုအစိုးရသို့ လည်းကောင်း တင်ပြကာ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့မှ သိရသည်။
“ဝန်ကြီးချုပ် အနေနဲ့ကတော့ အပြုသဘောဆောင်ပြီးတော့ လက်ခံတယ်။ တစ်ချို့တစ်ချို့ ဝန်ကြီးတွေကတော့ သူတို့ ဖက်ကလည်း တွေ့ရှိထားတဲ့ အတိုင်းအတာနဲ့ ကွဲလွဲမှု ရှိတဲ့အပေါ်မှာတော့ သူတို့ဖက်ကလည်း နည်းနည်း အပြုသဘော မဆောင်ဘဲ တုံ့ပြန်တာ တွေကို တွေ့ရပါတယ်။”ဟု အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဌက ကိုမျိုးလွင်က ပြောသည်။
ထိုနည်းတူစွာ သံဇစ်မြစ်ရေ၏ အရည်အသွေးကို စဉ်ဆက်မပြတ် စစ်ဆေးရန်၊ ရေထုညစ်ညမ်းမှု ဧရိယာကို တိုင်းတာရန်၊ ရေသယံ ဇာတများကို စစ်တမ်းကောက်ယူရန်၊ မဒေးကျွန်းအနီးရှိ ရေနံတင်သင်္ဘောများမှ အညစ်ကြေး စွန့်လွှတ်မှု အခြေနေနှင့် ယင်းင်္ဘောများမှ လုပ်သားများ၏ ကျွမ်းကျင်မှု အခြေနေတို့ကို စီစစ်ပေးရန်လည်း တင်ပြခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလည်း တတ်နိုင်သည့် အချက်အလက်များကို စိစစ်ပေးမည်ဟု ပြောဆိုခဲ့သလို ပြည်နယ်၏ လုပ်ပိုင်ခွင့် ထက်ပိုသည့် အရာများကိုလည်း ပြည်ထောင်စုသို့ တင်ပြပေးမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ကိုမျိုးလွင်က ပြန်လည်ပြောပြသည်။
ထိုရေထုညစ်ညမ်းမှုနှင့် ပတ်သတ်၍ အစိုးရသည်သာ အဓိကကျသည့်အတွက် အချက်အလက်များကို အလေးအနက်ထားပြီး ကောက်ယူကာ ဒေသခံများ၏ လိုအပ်ချက်ကို ဆောင်ရွက်ပေးစေချင်ကြောင်းလည်း အမ်းမြို့နယ် ပိုင်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က တောင်းဆိုခဲ့သည်ဟု သိရသည်။







