တပ်သိမ်းမြေဧက တစ်ထောင်ကျော်အား ပြန်ပေးရန် ကျောက်တော်မြို့နယ်မှ လယ်သမား ၂ဝဝ ခန့်က ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်နေ့)တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျောက်တော်မြို့ရှိ သာသနာ့ ဗိမာန်မှ စတင်ကာ မြို့ကိုပတ်ကာ လှည့်လည်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
"ကျမတို့ ကိုယ့်လယ်ကို ပြန်ရချင်ပါတယ်။ ပြန်မရသည့်တိုင်အောင် လျော်ကြေးများရလေမလားလို့ အခုလို ဆန္ဒပြရတာဖြစ်ပါတယ်” ဟု ဆန္ဒပြလယ်သမားတစ်ဦဖြစ်သူ ဒေါ်ရွှေသာနုက နိရဥ္စရာသို့ပြောသည်။
ကျောက်တော်မြို့နယ်မှ လမ်းမတော်၊ ဒေါင်းတော်ယိုး၊ ညောင်ပင်လှနှင့် ပိန္နဲချောင်းကျေးရွာတို့မှ လယ်သမား ၁၀၀ ကျော်၏ လယ်မြေဧကပေါင်း တစ်ထောင်ကျော်အား ၁၉၉ဝ နောက်ပိုင်းတွင် တပ်မတော်ကသိမ်းဆည်းခဲ့ကြောင်း လယ်သမားများက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျော်တော်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်နိုင်က မေးခွန်းမေးမြန်းရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အဆိုပါ သိမ်းဆည်းမြေများအား လျော်ကြေးများပေးအပ်ထားပြီးဖြစ်သည့်အတွက် လယ်မြေများ အားပြန်လည်ပေးအပ်ရန်အစီအစဉ်မရှိဟု ဖြေကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ညောင်ပင်လှ ကျေးရွာမှ လယ်သမားဦးကျော်လှထွန်းက "သူဖြေ သွားတာက သိမ်းထားတဲ့လယ်မြေထဲမှာ လျော်ကြေးပေးပြီးသားလို့ သူ့ပါးစပ်က ထွက်ဆို သွားပါတယ်။ ကျနော်တို့က လျော်ကြေးရတာတစ်ခုမှ မရရှိသေးပါဘူး"ဟု နိရဥ္စရာသို့ပြောသည်။
သိမ်းယူထားသော လယ်မြေများထဲတွင် စကခ (၉) တပ်မမှ သိမ်းယူထားသော လယ်မြေမှာ အများဆုံးဖြစ်ပြီး အမှတ် ၃၇၅၊ ၃၇၄၊ ၃၇၆ တပ်ရင်းများမှ သိမ်းထားသော လယ်မြေများရှိသည်ဟု ဦးကျော်လှထွန်းက ပြောသည်။
“ အဆောက်အဦး မဆောက်တဲ့ ငှားစားနေတဲ့ လယ်မြေက ဧက တစ်ထောင်ကျော်လောက် ရှိပါတယ်။ အရင်ကတော့ အသိမ်းခံရတဲ့ လယ်ပိုင်ရှင်တွေကို စပါးတောင်းနဲ့ ပြန်ငှားရမ်းပါတယ်။ အခုတော့ ခေတ်ကာလက နည်းနည်း လွတ်လပ်လာတော့ လယ်တွေကို လယ်သမားတွေက ပြန်တောင်းမှုတွေ ရှိလာတော့ ကျွန်တော်တို့လို အရင်က ငှားခဲ့တဲ့ လယ်သမားတွေကို မငှားတော့ဘဲ သူတို့နဲ့ အသိတွေကိုဘဲ ငှားရမ်းပြီး လုပ်ကိုင်နေကြပါတယ်” ဟု ဦးကျော်လှထွန်းက ပြောဆိုသည်။
တပ်သိမ်းလယ်မြေတွေ ပြန်လည် ရရှိရေး ၊ ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ပြောတဲ့စကားပြန်လည် ပြုပြင်ပေးနှင့် လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အဖွဲ့ လာပြီးတော့ စစ်ဆေးပေး စသည့် အချက်များကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၏ဖြေကြားချက်သည် မြေပြင်အခြေအနေတွင် ကွဲလွဲမှုများ ရှိနေသည့်အတွက် ပြန်လည်စိစစ်ပေးရန်လည်း လယ်သမားများက ကြွေးကြော် တောင်းဆို ခဲ့ကြသည်။
ယခုကဲ့သို့ လယ်မြေများ အသိမ်းခံလိုက်ရသဖြင့် လယ်သမားအများစုမှာ လယ်မဲ့ယာမဲ့ အလုပ်လက်မဲ့ဖြစ်သွားခဲ့ကာ ကလေးငယ်များကို စာမသင်ကြားနိုင်တော့သည့် ဘဝကို ကျရောက်ခဲ့ရကြောင်း၊ ဆင်းရဲနွမ်းပါး၍ လူမှုရေး ဘာသာရေးအပိုင်းတွင်လည်း ညိုးငယ်ကာ ကျဘန်း အလုပ် လုပ်ကိုင် စားသောက်နေရသည့် ဘဝသို့ ကျရောက်ခဲ့ရသည်ဟု ဦးကျော်လှထွန်းက ပြောဆိုသည်။







