(၇၉) နှစ်မြောက် မြန်မာလွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရာတွင် ရခိုင်ပြည်နယ်မှ မြို့တစ်ချို့တွင် ငြိမ်းစုစီ တင်ပြီးမှ ကျင်းပခွင့်ရခဲ့သဖြင့် ၎င်းအဖြစ်မျိုးမှာ လုံးဝ မဖြစ်သင့်ကြောင်း ရခိုင်ပြည်နယ် နိုင်ငံရေး အသိုင်းအဝိုင်းမှ တာဝန်ရှိသူများက ဝေဖန်ပြောကြားလိုက်သည်။
မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ကျွန်တော်တို့ မြောက်ဦးမြို့မှာ ဆရာတော် ဦးဥတ္တမနေ့ကို ငြိမ်းစုစီ တင်ပြီးမှ ကျင်းပခွင့်ရခဲ့ပါတယ်။ ဆန္ဒပြ တာလည်း မဟုတ်ဘူး။ ဆန္ဒဖော်ထုတ်တားလည်း မဟုတ်ပါဘဲနဲ့ ခုလို မြန်မာ လွတ်လပ်ရေး အတွက် အနစ်နာခံ ကြိုးပမ်းခဲ့တဲ့ ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်မယ့်ဟာကို ငြိမ်းစုစီတင်ခိုင်းတာက လုံးဝ မဖြစ်သင့်ဘူး။ ဆရာတော် ဦးဥတ္တမဟာ ရခိုင်တစ်ခုတည်းအတွက် လုပ်ခဲ့တာမဟုတ်သလို မြန်မာတစ်ခုတည်းအတွက်လည်း လုပ်ခဲ့တာမဟုတ်ပါဘူး။ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာစတဲ့ နိုင်ငံတွေ ဗြိတိသျှ နယ်ချဲ့ လက်အောက်လွတ်မြောက်ဖို့ မျိုးစေ့ချ ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ အတွက် သူ့ရဲ့ကျေးဇူးကို အောက်မေ့ပြီး ဂုဏ်ပြုပူဇော်ပွဲ လုပ်တာကို ငြိမ်းစုစီတင်ပြီးမှ လုပ်ခဲ့ရတဲ့ အတွက် အထူးစိတ်မကောင်း ဖြစ်မိပါတယ်” ဟု ပြောသည်။
ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို မဆလ၊ နဝတနှင့် နအဖ အစိုးရခေတ်အဆက်ဆက်တွင် ပြုလုပ်ကျင်းပခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့သော်လည်း ၂၀၁၀ ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာကတည်းက လွတ်လပ်စွာ ကျင်းပခွင့်ရလာခဲ့သည်။
ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က “ ဒီနှစ်မှာမှ ကျွန်တော်တို့ ပေါက်တောမြို့မှာလည်း ခုလို ငြိမ်းစုစီ တင်ခိုင်းပါတယ်။ ဒီလို အာဇာနည် ပုဂ္ဂိုလ်ကြီးတစ်ပါး နေ့ထူးနေမြတ်မှာ ပန်းခွေချဖို့ ချီတက်ဖို့ဟာကိုတောင် ငြိမ်းစုစီ တင်ရတယ်ဆိုတာဟာ မဖြစ်သင့်၊ မဖြစ်အပ်တဲ့ အခြေအနေတစ်ရပ်လို့ သုံးသပ်မိပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
ယင်းသို့ ငြိမ်းစုစီတင်ရာခြင်းမှာ ဆရာတော်ဦးဥတ္တမသည် ရခိုင်တိုင်းရင်းသားများဖြစ်၍ ယင်းသို့ ငြိမ်းစုစီတင်ရခြင်းလားဟု ဆိုပြီး ရခိုင်လူထုစိတ်ထဲတွင် မကျေပ်မှုများကို ဖြစ်ပေါ်စေနိုင်သဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်သည်ဟုဆိုသည်။
“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံတဲ့နေရာမှာ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးမှာ ပါဝင်တဲ့ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလို နေ့ထူး နေ့မြတ်တွေ ကျင်းပလာတဲ့ အခန်းကဏ္ဍတွေမှာ၊ ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ဒရပ်တွေကို ဖော်ကျူးတဲ့ နေ့ရက်မြတ်တွေမှာ ယခုလို တင်းတင်းကြပ်ကြပ် ငြိမ်းစုစီတင်ရတဲ့ လုပ်ရပ်မျိုးတွေကို ရှောင်ရှားပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အလေးပေးဆောင်ရွက် သင့်တယ်လို့ ယူဆပါတယ်”ဟု ဦး အောင်ကျော်ထွီးက ပြောသည်။
အလားတူ မင်းပြားမြို့တွင်လည်း (၇၉) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ငြိမ်းစုစီတင်ပြီးမှ ကျင်းပခွင့်ရခဲ့သည်ဟု သိရသည်။
မင်းပြားမြို့မှ ANP ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသိန်းဇံက “ ကျွန်တော်တို့အနေနဲ့ ငြိမ်းစုစီမတင်ဘဲ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပလာခဲ့ကြတာပါ။ ဒီနှစ်မှာမှ ငြိမ်းစုစီတင်ရတာပါ။ ကျွန်တော်တို့ က မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးဆီသွားပြီးတော့ အခမ်းအနား ကျင်းပမယ်ဆိုတဲ့ အကြောင်းကို အသိပေးခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးက ငြိမ်းစုစီတင်ပါဆိုပြီးတော့ ပြောပါတယ်။ မြို့နယ်မှူးက ငြိမ်းစုစီနဲ့ တင်ပါဆိုပြီးတော့ ကျွန်တော်တို့ကို ဆင့်ခေါ်ပါတယ်။ ခေါ်တဲ့အတွက် ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌအနေနဲ့ ကျနော်က ရဲစခန်းမှာ သွားတွေ့ပါတယ်။ ရဲစခန်းကို ရောက်တော့ ငြိမ်းစုစီ တင်ခိုင်းပါတယ်။ ကျနော်က နှစ်တိုင်း ဒီလိုအကြောင်းကြာစာ တင်ပြီး လုပ်လာတယ်လို့ ပြောပေမယ့် ရဲက ငြိမ်းစုစီ တင်ပါလို့ ပြောပါတဲ့ အတွက် ငြိမ်းစုစီတင်ပြီးမှ ပြုလုပ်ခဲ့ရပါတယ်” ဟု ပြောကြားသည်။
ကျောက်တော်မြို့ အပါအဝင် တစ်ခြားမြို့တစ်ချို့တွင်လည်း (၇၉) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရန် ငြိမ်းစုစီ တင်ခဲ့ရသည်ဟု သိရသည်။







