သံဇစ်မြေရေတွင် PH တန်ဖိုးမြင့်နေပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းပါးနေဟု ရခိုင်ပြည်နယ်အစိုးရထုတ်ပြန်

သံဇစ်မြေရေတွင် PH တန်ဖိုးမြင့်နေပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းပါးနေဟု ရခိုင်ပြည်နယ်အစိုးရထုတ်ပြန်
by -
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ သံဇစ်မြစ်အတွင်း သံချေးရောင်ပြောင်းနေသည့်ရေတွင် PH တန်ဖိုး မြင့်နေပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းပါးနေကြောင်း ရခိုင်ပြည်နယ်အစိုးရက ပြောကြားသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးတစ်ဝိုက် ပင်လယ်ရေပြင်၌ ရေအရောင်ပြောင်းသည့် ကိစ္စအား ရခိုင်ပြည်နယ်အစိုးရအနေဖြင့် မည်ကဲ့သို့အလေးထားဆောင်ရွက်နေသည်ကို သိရှိ လိုသည့် မေးခွန်းနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၅ ရက်နေ့ကပြုလုပ်သည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က မေးမြန်းခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ထူးခြားချက်မှာ PH တန်ဖိုးမြင့်နေပါတယ်။ PH တန်ဖိုးအားဖြင့် ၈ ဒသမ ၆၆ နဲ့ အောက်ဆီဂျင် ပျော်ဝင်မှုနည်းပါးခြင်းကို တွေ့ရှိရပါတယ်"ဟု ဝန်ကြီး ဦးအောင်ကျော်ဇံက ဆိုသည်။

ယင်းကဲ့သို့ PH တန်ဖိုးမြင့်နေပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းပါးနေသော်လည်း သက်ရှိ ရေသတ္တဝါများ အသက်ရှင်နေထိုင်နိုင်သောပမာဏဖြစ်သည့်အတွက် စိုးရိမ်စရာမလိုဟုလည်း ဝန်ကြီးက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ယခုထုတ်ပြန်ပြောဆိုချက်မှာ စစ်တွေတက္ကသိုလ် ဓာတုဗေဒဌာန၏ စမ်းသပ်စစ်ဆေးချက်ရလဒ်သာဖြစ်ပြီး မည်သည့်အတွက် ယခုကဲ့သို့ဖြစ်ပေါ်လာရသည် ဆိုသည့် အချက်ကို မြန်မြန်ဆန်ဆန်ထုတ်ပြန်ပေးရန် ပြည််နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တောင်းဆိုလိုက်သည်။

"အစိုးရအဖွဲ့အနေနဲ့ ဒါကိုတော့ အထူးအလေးထားပြီးတော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အဖြေတစ်ခုကို အရင်ထုတ်ရမယ်။ ထုတ်ပြီးတော့မှ အဲဒီအဖြေထွက်လာပြီးတော့မှ နောင်အလားတူမဖြစ်အောင် ဘယ်လိုတားဆီးကာကွယ်သွားရမလဲ၊ နစ်နာဆုံးရှုံးနေတဲ့ ပြည်သူ တွေကိုရော ဘယ်လိုပြန်လည်ကုစားပေးမလဲဆိုတဲ့ဟာတွေက သူ့အပိုင်းနဲ့ သူပေါ့။ မြန်နိုင်လေ ကောင်းလေပါပဲ။ ကျနော်တို့စောင့်ကြည့်ရမှာပါ။ သူတို့ ဘာဆက်လုပ်မလဲဆိုတာကို။"ဟု ဦးဇော်ဇော်မြင့်က သတင်းထောက်များကို ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်ရေများသည် ဇူလိုင်လအတွင်းမှစတင်ကာ ယခုကဲ့သို့ သံချေးရောင်များ အဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အရောင်ပြောင်းလဲမှုဖြစ်ပေါ်နေသည့်ရေမှာ တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ရှိရာ မဒေးကျွန်းရေနက်ဆိပ်ကမ်း၏ လက်ယာဘက် ၅ မိုင်ခန့်အကွာတွင်ရှိသည်ဟုလည်း ရခိုင်ပြည်နယ်အစိုးရက ဆိုထားသည်။

အဆိုပါသံချေးရောင်ရေများသည် ယခုအခါ အမ်းနှင့် မြေပုံမြို့နယ်များသို့ထိ ရောက်ရှိ လာနေ၍ အန္တရာယ် တစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်နေကြရသည်ဟုလည်း ဒေသခံများက ဆိုသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...