ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် ခရီးစဉ်ကို ရခိုင်အမျိုးသားပါတီ - ANP မှ ယနေ့စက်တင်ဘာလ ၃ ရက်နေ့တွင် စတင်လိုက်ပြီဟု သတင်းရရှိသည်။
ပထမဆုံး မဲဆွယ်စည်းရုံးရေးခရီးစဉ် အဖြစ် ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာကို ရွေးချယ်ပြီး ဗဟိုအောင်နိုင်ရေး ကော်မတီ၏ လမ်းညွှန်ချက်အတိုင်း မဲဆွယ်စည်းရုံးရေးကို လုပ်ဆောင်ခဲ့သည်ဟု ရသေ့တောင်မြို့မှ ANP ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်ကပြောသည်။
"မိမိဟာ ပြည်သူကိုကိုယ်စားပြုမယ့် ကိုယ်စားလှယ်ဖြစ်တဲ့အတွက် မဲဆန္ဒရှင် ပြည်သူတွေနဲ့ အမြဲတမ်းထိတွေ့မယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရခိုင်လူမျိူး အရေးကို ရခိုင်မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက် သွားမယ်လို့ ဟောပြော စည်းပြော စည်းရုံးခဲ့ပါတယ်"ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ယနေ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး၊ ဗဟို ရွေးကောက်ပွဲ ကော်မတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ဗဟိုအောင်နိုင်ရေးကော်မတီမှ ဦးတင်ညို၊ ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်နိုင်၊ မြို့နယ်အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်လှအောင်နှင့် မြို့နယ် အောင်နိုင်ရေးကော်မတီ အဖွဲ့ဝင်များအားလုံးနှင့် ပါတီလူငယ်ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း ၃၀ ခန့် ပါဝင်ခဲ့သည်။
"မဲဆွယ်စည်းရုံးရာမှာ ပါတီမူဝါဒကို အခြေခံပြီးတော့ စည်းရုံးဟောပြောသွားမှာဖြစ်ပါတယ်။ ရခိုင် အမျိုးသားပါတီဟာ ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုထားတဲ့ ပါတီဖြစ်တဲ့အတွက် ရခိုင် အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်တဲ့နေရာမှာ အမျိုးသားသစ္စာကို အမြဲတမ်း စောင့်ထိန်းပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောသည်။
ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရခိုင်အမျိုးသားပါတီမှ ကိုင်စွဲထားသော ဆောင်ပုဒ်မှာ "ချစ်ကတ်၊ ညီကတ်၊ စည်းလုံးကတ်"ဆောင်ပုဒ် ဖြစ်ပြီး ၎င်းဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးသွားမည်ဟုသိရသည်။
ယခုမဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဗဟိုအောင်နိုင်ရေးနှင့် မြို့နယ်အောင်နိုင်ရေးတို့ ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အားရကျေနပ်မိသည်ဟု ဦးမောင်လှမြင့်ကဆိုသည်။
ရသေ့တောင်မြို့နယ် မဲဆန္ဒအမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ၄င်းနေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ၊ ရခိုင်အမျိုးပါတီ ANP မှ ဦးမောင်လှမြင့် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့အဖွဲ့အချုပ် မှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဦးခင်သန်းမောင် တို့က ပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။







