ကရင်နီပြည် သတ္တုတူးဖော်ခြင်းကို အရပ်ဖက်စောင့်ကြည့်ရေးအဖွဲ့ တရားဝင်ဖွဲ့စည်း ပေးရန်တောင်းဆို

ကရင်နီပြည် သတ္တုတူးဖော်ခြင်းကို အရပ်ဖက်စောင့်ကြည့်ရေးအဖွဲ့ တရားဝင်ဖွဲ့စည်း ပေးရန်တောင်းဆို
by -
စောထွန်းလင်း
သြဂုတ် ၁၇ ရက်နေ့က ပြုလုပ်သည့်  KEAN အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းပွဲ (Photo_KIC)
သြဂုတ် ၁၇ ရက်နေ့က ပြုလုပ်သည့် KEAN အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းပွဲ (Photo_KIC)

ကရင်နီ (ကယား) ပြည်နယ်အတွင်း သတ္တုတူးဖော်ခြင်း စီမံကိန်းလုပ်ငန်းများကို စောင့်ကြည့်လေ့လာနိုင်ရန် လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ပြည်နယ် အဆင့် စောင့်ကြည့်လေ့ လာရေးအဖွဲ့ကို တရားဝင် အသိအမှတ်ပြုဖွဲ့စည်းပေးရန် လိုသည်ဟု ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအခွင့်အရေး လှုပ်ရှားမှုကွန်ရက် (KEAN) အဖွဲ့ခေါင်း ဆောင်စောအယ်စေးက ကေအိုင်စီသို့ ပြောသည်။ 

သတ္တုတူးဖော်ခြင်းလုပ်ငန်းများကြောင့် ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအပေါ် (KEAN)က ' တိတ်ဆိတ်စွာ ဆက်လက်ဖြစ်ပေါ်နေသော လူ့အခွင့် အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများ' အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းပွဲကို ရန်ကုန်မြို့ Orchid ဟိုတယ်၌ သြဂုတ် ၁၇ ရက်(ယနေ့) တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် စောအယ်စေးက ယခုလို ပြောသည်။ 

“စောင့်ကြည့်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ တရားဝင်ဖွဲ့စည်းခွင့် မရဘူး။ တရားဝင် အဆင့်ထိ ဖြစ်အောင် ကျနော်တို့ ဆက်လုပ်သွားမယ်။ လောလောဆယ်တော့ စောင့်ကြည့်ဖို့အတွက် ဒေသခံ လူငယ်တွေ ကို သင်တန်းပေးတာရှိတယ်။ နောက်တစ်ဆင့်ကတော့ အဲ့ဒေသမှာ သူတို့ဘာသာသူတို့ ရပ်တည် စောင့်ကြည့် နိုင်တဲ့ အဆင့်ဖြစ်အောင်ဆက်လုပ်သွားမယ်” ဟု ပြောသည်။ 

အဆိုပါ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် စာမျက်နှာ ၁၁၂ မျက်နှာပါရှိပြီး ကရင်နီ (ကယား) ပြည်နယ် သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ မော်ချီးခဲမဖြူ အဖြိုက်နက် သတ္တုတွင်း အခြေအနေများ၊ သတ္တုတူးဖော်မှုများကြောင့် သဘာဝပတ် ဝန်းကျင်ထိခိုက်မှု၊ ဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ စွန့်ပစ် ပစ္စည်းများကြောင့် ရေထုညစ်ညမ်းမှု၊ နိုင်ငံတကာရှိ သတ္တုတူးဖော်ရာတွင် လိုက်နာရမည့် စံနှုန်းအတိုင်း လုပ်ကိုင်ရန် အကြံပြုချက်များကို ဖော်ပြထားသည်။ 

ထို့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီများ၊ တရုတ်နိုင်ငံမှလုပ်ငန်းရှင် များလာရောက်လုပ်ကိုင်နေမှု၊ ထွက်ရှိလာသည့် သတ္တုများ တရားဝင်နှင့် မှောင်ခိုလမ်းကြောင်းများမှ ရောင်းဝယ် နေမှု အခြေအနေများကိုလည်း ဖော်ပြထားသည်။ 

အစီရင်ခံစာအတွက် ကွင်းဆင်းပြုစုခဲ့သူ KEAN မှ စောဂျော်နီမင်းက “အခု မော်ချီးမှာဆိုရင် လက်နက်ကိုင်အဖွဲ့တွေ၊ နာမည်အမျိုးမျိုးပြောင်းပြီး သတ္တုတူးတဲ့ ဦးပိုင်ကုမ္ပဏီတွေ၊ တရုတ်လုပ်ငန်းရှင်တွေ အများကြီးလာပြီး သတ္တု တူးတယ်။ ဒေသခံတွေက တရုတ်ရွာလို့တောင်ပြောစမှတ် ပြုတဲ့နေရာတွေရှိနေပြီး။ တူးတဲ့အခါမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဂရုမစိုက်သလို ဒေသခံတွေရဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအစီအစဉ်တွေလည်း မရှိတာတွေ့ရတယ်။ ဒေသခံတွေကိုယ်တိုင်ကလည်း မပြောရဲတဲ့ အခြေအနေတွေဖြစ်နေတယ်” ဟု ပြောသည်။ 

ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့အနေဖြင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အသိပညာပေးခြင်း၊ လယ်ယာမြေအခွင့်အရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ထိခိုက်မှုနှင့် ဌာနေ တိုင်းရင်းသားများ၏ မြေနှင့်အရင်းအမြစ်ဆိုင်ရာစီမံပိုင်ခွင့် ပိုမိုရရှိရေးစသည့်် ကိစ္စရပ်များကို ပညာပေးခြင်းနှင့် သုတေသနပြုစုခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

 

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...