အမတော်ကြေး ပြန်ဆပ်ချိန်အား သီးနှံထုတ်ရောင်းချိန်နောက်ပိုင်းတွင် သတ်မှတ်ရန် တောင်သူများ ဆန္ဒရှိနေ

အမတော်ကြေး ပြန်ဆပ်ချိန်အား သီးနှံထုတ်ရောင်းချိန်နောက်ပိုင်းတွင် သတ်မှတ်ရန် တောင်သူများ ဆန္ဒရှိနေ
by -
နော်ဒွေးအယ်ခူ

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးပေးသည့် စိုက်ပျိုးရေးချေးငွေ(အမတော်ကြေး)၏ ပြန်ဆပ်ချိန်အား ရာသီထွက်သီးနှံများ ထုတ်ရောင်းပြီးချိန်မှသာ သတ်မှတ်ရန် တောင်သူအချို့ ဆန္ဒရှိနေသည်။

နှစ်စဉ် ဘတ်ဂျတ်နှစ်အကုန် ဧပြီလမတိုင်ခင် ချေးယူထားသော အမတော်ကြေးများကို ပြန်ဆပ်ရန် နိုင်ငံတော်က သတ်မှတ်ထားသည်။

စပါးရိတ်သိမ်းပြီးနောက် ဈေးကောင်းရချိန်ကို စောင့်ဆိုင်းပြီး ထုတ်ရောင်းချိန်အား ချိန်ကိုက်လျှက် အမတော်ကြေးပြန်ဆပ်ချိန်အား နောက်ဆုတ်ကာ သတ်မှတ်ရန် တောင်သူများက အကြံပြုသည်။

“ကျွန်တော်တို့ ချေးထားတဲ့ ဘဏ်က ဖြစ်နိုင်ရင် သင်္ကြန်မတိုင်ခင်တော့ ဆပ်နိုင်ရင် ပိုကောင်းတယ်ပေါ့။ ရက်တွေ ရွေ့ပေးရင် ပိုကောင်းတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် နှစ်တိုင်းအစဉ်အလာအရပေါ့ ကယားဒေးမှာ လာဆပ်ကြပါတဲ့။ အဲ့ချိန်က စပါးစျေးက သိပ်မရှိဘူးလေ။ စပါးကလည်း စပေါ်တယ်ဆိုတော့ ကျွန်တော်တို့ တောင်သူတွေအတွက် အရမ်းခက်ခဲတယ်။ ၃ လပိုင်း၊ ၄ လပိုင်းလောက်မှာပဲ စပါးစျေးက ပိုကောင်းလာတယ်ပေ့ါ။ အဲ့ချိန်မှ ဆပ်နိုင်ရင်တော့ ကျွန်တော်တို့အတွက် ပိုအဆင်ပြေနိုင်တယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ  ပေါလုက ပြောသည်။

စိုက်ပျိုးတောင်သူများအတွက်  ကြိုတင်အရင်းအနှီးပြုနိုင်ရန် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်ယာမြေ တစ်ဧကကို တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ ပြောင်း၊ နှမ်း အစရှိသော ယာခင်း သီးနှံများအတွက် တစ်ဧကလျှင် ငါးသောင်းကျပ်ဖြင့်လည်းကောင်း ထုတ်ချေးပေးသည်။

ချေးငွေအတွက် အမီပြန်ဆပ်ရန် စပါးများကို  ရောင်းချချိန်သည် ကောက်သစ်များကို ဝယ်ယူခြင်းမရှိသေးသည့်အပြင် ဈေးကောင်းမရသဖြင့်  ထုတ်ရောင်းရန် တွန့်ဆုတ်ရကြောင်း ဆိုသည်။

“ကိုယ်သွားရောင်းတဲ့အချိန်ဆိုရင် စပါးအသစ် မဝယ်သေးဘူး။ အဟောင်းပဲ ဝယ်တယ်။ ဈေးသည်က အဲ့လိုပြောပြန်ရော။ ကိုယ်ကရောင်းမရ။ လိုက်စုံစမ်းတဲ့ချိန်မှာ ၁ ပုံး ၁၅၀၀ ရရင်လည်း အကုန်ရောင်းမှာပဲလေ။ အကုန်လုံးသွားရောင်းတဲ့ အချိန်ကျတော့ အမတော်ကြေးလည်း ပေးရတယ်။ ကျန်တဲ့လုပ်အားခလည်း ပေးတဲ့ခါကျတော့ ကျွန်တော်တို့မှာ ဘာမကျန်တော့ဘူး။ မိသားစုစားဖို့တောင် အခက်အခဲကြုံရတယ်။”ဟု တောင်သူ တစ်ဦးက ပြောသည်။

အမတော်ကြေးဆပ်ရသောကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့်   ပျက်စီးမှုများ ရှိမည်ဆိုပါက   သွားရောက်စစ်ဆေးကာ ချေးငွေပြန်ဆပ်ချိန်အား ဆိုင်းငံ့ပေးရန် စီစဉ်ပေးနိုင်သည်ဟု ကယားပြည်နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ပြည်နယ်မန်နေဂျာဦးကျော်သူရက ဆိုသည်။

“မိုးတွေရွာလို့ သီးနှံပျက်မယ်ဆိုရင် ကျွန်တော်တို့က စိုက်ပျိုးရေး၊ မြေစာရင်းအဖွဲ့တွေနဲ့ စစ်ဆေးပြီးတော့ တကယ်သီးနှံပျက်တာ မှန်တယ်။ သူရဲ့ပိုင်ဆိုင်မှုတွေလည်းလေးပုံသုံးပုံလောက် ပျက်စီးသွားမယ်ဆိုရင် သွားပြီးအတည်ပြုပြီးတော့ ပြည်နယ်အစိုးရရဲ့ ထောက်ခံချက်တွေနဲ့ပေါ့။ ရုံးချုပ်ကို တင်ပြမယ်။ အရင်းတော့ ဒီနှစ်မဆပ်ဘူးပေါ့။ နောက်နှစ်မှ ဆပ်မယ်ပေါ့။ အတိုးကိုပဲ အရင်ဆပ်ပေါ့” ဟုပြောသည်။

အမတော်ကြေးအတွက်  သတ်မှတ်ထားသော အတိုးနှုန်းမှာ တစ်နှစ်လျှင် ငွေ ၁၀၀ ကျပ်လျှင်  ၈ ကျပ်ဖြစ်သည်။ ငွေချေးယူလိုပါက လယ်ယာမြေစာရင်းပုံကို တင်ပြပြီး ချေးယူနိုင်မည် ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွက် ကယားပြည်နယ်၏ လယ်ယာစိုက်ပျိုးရေးစရိတ်ချေးငွေကို  ၃၂၁၁.၆ ကျပ်သန်း လျာထားပြီး  တောင်သူလယ်သမားများကို မေနှင့် ဇွန်လအတွင်း စတင်ထုတ်ချေးပေးသွားမည် ဖြစ်သည်။

June 6, 2026
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools...
ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...