သင်္ကြန်အကြို ယာဉ်/လမ်း စည်းကမ်းအသိပညာပေးမှု စစ်တွေတွင်ပြုလုပ်

သင်္ကြန်အကြို ယာဉ်/လမ်း စည်းကမ်းအသိပညာပေးမှု စစ်တွေတွင်ပြုလုပ်
by -
စံမောင်သန်း

ဧပြီလတွင် ကျရောက်မည့် သင်္ကြန်ကာလအတွင် ယာဉ်မတော်တဆမှု မဖြစ်ပွားစေရန်နှင့် ယာဉ်မတော်တဆ ဖြစ်မှုတို့ကို လျှော့ချနိုင်စေရန် ရည်ရွယ်လျက် မဟာသင်္ကြန် အကြိုကာလ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ စစ်တွေမြို့တွင် ပြုလုပ်လျက်ရှိသည်။

ယင်းသို့ အသိပညာ ပေးမှုကို မတ် ၂၂ ရက်နေ့မှ စတင်ပြီး စစ်တွေမြို့ ဆေးရုံကြီးနှင့် နာရီစင် အသစ်အကြား လမ်းမကြီးတွင် ပြုလုပ်ခဲ့ပြီး ကား၊ သုံးဘီးနှင့် ဆိုင်ကယ်မောင်းသူများကို ယာဉ်ထိန်းရဲများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောပြပြီး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

“ဒီလိုလုပ်နေတာ ၅ ရက်ရှိနေပါပြီ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပညာပေးလုပ်တာပါ။ သင်္ကြန်ကာလ အတွင်းမှာ ယာဉ်မတော် တဆ ဖြစ်မှု မဖြစ်ပွားစေဖို့နဲ့ လျှော့ချစေနိုင်ဖို့အတွက် အပေါ်က ညွှန်ကြားချက်နဲ့ လုပ်နေတာပါ”ဟု အမှတ် ၅ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဉာဏ်လင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်က ယာဉ်မတော်တဆမှု ၄၀၀ ကျော်၊ ၂၀၁၆ ခုနှစ်တွင် ၄၀၃ မှုနှင့် ၂၀၁၇ ခုနှစ်တွင် ၄၁၄ မှုရှိခဲ့သည်ဟု သိရသည်။

“ဆိုင်ကယ်တို့ ကားတို့ကို ပရမ်းပတာ အရှိန်ပြင်းပြင်နဲ့မောင်းတာရယ်၊ အရက်မူးပြီး ယာဉ်မောင်း တာတွေကြောင့် အဓိက ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားတတ်ပါတယ်။ ဆိုင်ကယ်မောင်းရင် ဦးထုပ်ဆောင်းပြီး မောင်းတာကို လိုက်နာမှု သိပ်နည်းကြပါတယ်”ဟု ရဲမှူးဉာဏ်လင်းက ပြောသည်။

ယင်းကဲ့သို့ ယာဉ်ကို စည်းကမ်းမဲ့ မောင်းနှင်မှု လျော့ကျစေရန် စစ်တွေမြို့၌ ဆိုင်ကယ်များကို စစ်ဆေးမှု ၂ ရက်ပြုလုပ်ခဲ့ရာ စည်းကမ်းလိုက်မနာသည့် ဆိုင်ကယ်အစီး ၁၅၁ စီးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်လုပ်ပေးသွားမည်ဖြစ်ပြီး၊ ပုံမှန် လိုင်စင် လုပ်ပေးမှုများကို ကညန ရုံး၌ အခွန်ဦးစီးဌာနအပါဝင် သက်ဆိုင်ရာဌာနများက တစ်ထိုင်ရာတည်းတွင် အပြီးအစီး ပြုလုပ်ပေးလျက်ရှိသည်ဟု သိရှိရသည်

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...