သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များက ယခုနှစ်ရာသီတွင် ငါးဖမ်းခွင့်ပေးရန် အသနားခံစာတင်မည်

သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များက ယခုနှစ်ရာသီတွင် ငါးဖမ်းခွင့်ပေးရန် အသနားခံစာတင်မည်

မြန်မာပင်လယ်ပြင်၏ ငါးသယံဇာတကို ရေရှည်ထုတ်ယူနိုင်ရန် ယခုနှစ် မေလ ၁၅ ရက်မှ သြဂုတ်လ ၁၆ ရက်နေ့ထိ ငါးဖမ်းရာသီတွင် ငါးဖမ်းခွင့်ပိတ်လိုက်သဖြင့် ငါးဖမ်းခွင့် ရာခိုင်နှုန်းအနည်းငယ် ပြန်လည်ခွင့်ပြုပေးရန် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များ မတ် ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနသို့ သနားခံစာတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ငါးလုပ်ငန်းရှင်များထံမှ သိရသည်။

“ကျွန်တော်တို့ ဒေသမှာ အခက်အခဲတွေ အများကြီးကြုံတွေ့လာနိုင်တယ်၊ မွန်ပြည်နယ်မှာ ဆိုရင် သံဖြူဇရပ်၊ ကျိုက္ခမီနှင့် ရေးမြို့နယ်၊ အစင်၊ ဇီးဖြူသောင်၊ ချောင်းတောင်ကျေးရွာတွေမှာ အဒီက စီးပွားရေးလုပ်ငန်းဟာ ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြရတယ်၊ ကျိုက္ခမီမှာ လုပ်သား ၃၀၀၀ နဲ့ မှီခိုသူ ၃ဝဝဝခန့်ရှိတယ်”ဟု ကျိုက္ခမီမြို့ငါးလုပ်ငန်းရှင် ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

ရေးမြို့နယ်မှ ကမ်းခြေရွာများက အဓိကစီးပွားရေးသည် ပင်လယ်ငါးဖမ်းလုပ်ငန်းကို ၉၀ ရာခိုင်နှုန်းလုပ်ကိုင်လျက်ရှိပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသော ရေလုပ်သားများသည် ရွှေ့ပြောင်းလုပ်သားများ အများဆုံးဖြစ်ကြောင်း ရေးမြို့နယ် ငါးလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးသိန်းထိုက်က ဆိုသည်။

ငါးဖမ်းရာသီပိတ်လိုက်သည့်ကာလက ကျောင်းဖွင့်ချိန်နှင့် တိုက်ဆိုင်နေသည့်အတွက်ကြောင့် အခက်အခဲတွေများကြီးရှိလာနိုင်ကြောင်း ကျိုက္ခမီမြို့မှ ပင်လယ်ငါးဖမ်းလှေတွင် လုပ်ကိုင်နေသော ရေလုပ်သား ကိုဦးက ဆိုသည်။

“လက်ရှိငါးပြုန်းတီးမှု ဖြစ်တဲ့ဆိုတာ မြန်မာတစ်ပြည်လုံးအနေနဲ့ သူတို့က ထိန်းတာ၊ ကျွန်တော်တို့ မွန်ပြည်နယ်အနေအထားနဲ့ ကြည်လိုက်မယ်ဆိုရင် ဖမ်းဆီးတဲ့လှေအစီးရေနဲ့ ငါးဖမ်းကွက်နဲ့ကြည့်ရင် သိပ်အခြေအနေမဆိုဘူး၊ မွန်ပြည်နယ်ငါးဖမ်းလှေအမျိုးအစားက ငါးပြုန်းတီးတဲ့ ဖမ်းဆီးတဲ့ ကိရိယာအမျိုးအစားထဲမှာ ပါဝင်မှုနည်းတယ်”ဟု ရေးမြို့နယ်မှ ရေလုပ်ငန်းရှင် ဦးဇော်မိုးက ပြောသည်။

သံဖြူဇရပ်မြို့နယ်တွင် ပင်လယ်ငါးဖမ်းစက်လှေ ၁၁၆ စီး၊ ရေလုပ်သား ၃၀၀၀ ခန့်နှင့် ရေးမြို့နယ်တွင် ပင်လယ်ငါးဖမ်းစက်လှေ ၁၇၉ စီး၊ ရေလုပ်သား ၄၀၀၀ ခန့်ရှိကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းရှင်အသင်းမှ သိရသည်။

မြန်မာပင်လယ်ပြင်တွင် ငါးမျိုးမပြုန်းတီးစေရန်အတွက် ငါးမဖမ်းရာသီ၊ ငါးမဖမ်းရဧရိယာများ သတ်မှတ်ခြင်းကို ၂၀၁၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ငါးဖမ်းဆီးခွင့်ကို ရေယာဉ်အားလုံး၏ ၆၅ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းနှင့် ၂၀၁၇ ခုနှစ်တွင် ၃၀ ရာနှုန်းသာ ဖမ်းဆီးခွင့်ပြုခဲ့သည်။

 

Most read this week

May 15, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ် စဉ် ၂ သင်...
May 14, 2024
မွန်ပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလေ့ရှိတဲ့ မြို့ နယ်တွေမှာ...
May 14, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးက ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက်...
May 13, 2024
စစ်အာဏာရှင်ပြုတ်ကျရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေဟာ တနင်္သာရီတိုင်းရဲ့ တစ်တိုင်းလုံးနီးပါး...