ကျိန်းတောင်တန်း စိမ့်စမ်းရေ၊ သဘာဝအလှနှင့် သစ်ပင်မျိုးစိတ်များကို ကာကွယ်ရန် ကျောက်ထုတ်လုပ်မှုကို ပိတ်ပင်မည်

ကျိန်းတောင်တန်း စိမ့်စမ်းရေ၊ သဘာဝအလှနှင့် သစ်ပင်မျိုးစိတ်များကို ကာကွယ်ရန် ကျောက်ထုတ်လုပ်မှုကို ပိတ်ပင်မည်
by -
စံမောင်သန်း
မင်းပြားကျိန်းတောင်တွင် ကျောက်ထုတ်နေသည်ကိုတွေ့ရစဉ်
မင်းပြားကျိန်းတောင်တွင် ကျောက်ထုတ်နေသည်ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် မင်းပြားမြို့အနောက်ဘက် ကျိန်းတောင်စေတီ ဇိဝှာဓါတ် တည်ရှိရာ ကျိန်းတောင်တန်းတွင် ကျောက်ထုတ်လုပ်မှုများ ပြုလုပ်လျက်ရှိရာ တောင်တန်းရှိ စိမ့်စမ်းရေ၊ သဘာဝအလှနှင့် သစ်ပင်မျိုးစိတ်များကို ကာကွယ်နိုင်ရန်အတွက် ကျောက်ထုတ်လုပ်မှုများကို ပိတ်ပင်သွားမည်ဟု သိရသည်။

“ကျောက်ထုတ်လုပ်မှု မရှိအောင် တတ်နိုင်သမျှ ကျနော်တို့အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ကြိုးစားပြီးတော့ ပူးပေါင်းလုပ်ဆောင်သွားပါမယ်။ တောင်တန်းမှာ ရှိနေတဲ့ ရေချိုစိမ့်စမ်းတွေ မပျောက်အောင်၊ သဘာဝအလှတရားနဲ့ သစ်ပင်မျိုးစိတ်တွေကို မပျောက်ပျက်ရအောင် ထိန်းသိမ်းကာကွယ်တဲ့ အနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက ပြောသည်။

ယခုလက်ရှိတွင် ကျိန်းတောင်တန်းတစ်လျှောက် ကျောက်အလွန်အကျွံ မထုတ်ရအောင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နှင့် သစ်တောအဖွဲ့တို့ ပါဝင်ပြီး မကြာသေးမီက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“တောင်တန်းတစ်လျှောက်လုံးကို သွားရောက် စစ်ဆေးတော့ ဒီကျိန်းတောင်တန်းမှာ ကျောက်မထုတ်လုပ် သင့်တော့ဘူးဆိုတာကို တွေ့ရှိရတဲ့အတွက် မြို့မိမြို့ဖတွေနဲ့ ညှိနှိုင်းပြီးတော့ အပေါ်ကို အစီရင်ခံတင်ပြထားပါတယ်”ဟု မင်းပြားမြို့နယ် လက်ထောက် အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုလက်ရှိတွင် ကျိန်းတောင်တန်းတစ်လျှောက် လိုင်စင်ဖြင့် ကျောက်ထုတ်လုပ်မှု ပြုလုပ်နေသူ ၅ ဦးခန့်ရှိပြီး ကျိန်းတောင်စေတီနှင့် အနီးဆုံးနေရာသည် ၄ ဖာလုံခန့်သာ ကွာဝေးသည်ဟုဆိုသည်။

“ဒီနှစ်ကုန်လို့ရှိရင် ဓါတ်သတ္တုထုတ်လုပ်တဲ့ကာလ ပြီးဆုံးသွားလို့ရှိရင် ခွင့်မပြုတော့ဘူးပေါ့။ နောက်နှစ်ဆိုရင်လည်း ကျနော်တို့က လုံလုံခြုံခြုံနဲ့ တားဆီးနိုင်မှာပါ။ ကျနော်တို့ အစီရင်ခံစာ တင်ပြလိုက်တာလည်း ကျလာပါပြီ”ဟု ၄င်းက ဆက်ပြောသည်။

လာမည့်နှစ်တွင် လိုင်စင်ဖြင့် ကျောက်ထုတ်နေသူများနှင့် လိုင်စင်မဲ့ ကျောက်ထုတ်နေသူများကိုပါ ခွင့်ပြုတော့မည်မဟုတ်ဟု ဆိုသည်။

“ကျိန်းတောင်ကို ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ဖို့ တစ်နည်း၊ မဟုတ်ရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအရ သစ်တောဥပဒေအရ၊ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းတွေရဲ့ သစ်တောပိုင်ဆိုင်မှုဆိုတဲ့ နည်းလမ်း ၃ ခုကို စဉ်းစားထားပါတယ်။ ကျိန်းတောင် မပျက်စီးရအောင် ခုခံကာကွယ်သွားမှာပါ” ဟု မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက ပြောသည်။

ကျိန်းတောင်တစ်ရိုး ကျောက်ထုတ်လုပ်နေမှုသည် နှစ် ၁၀ ကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခုလက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ကျိန်းတောင်တစ်ရိုးမှာ ဇိဝှာဓာတ်ကနေ ခြိပ်တောင် သံချောင်းဝထိ ထုတ်လုပ်နေတာပါ။ ကျောက်ထုတ်လုပ်မှုကြောင့် ဇိဝှာဓါတ် စေတီတော် ပျက်စီးသွားနိုင်ပါတယ်။ တားဆီးမှုတွေ ရှိနေပေမယ့် ဆက်လက်ပြီးတော့ ထုတ်နေတာကို တွေ့နေရပါတယ်”ဟု မင်းပြားဒေသခံ ဦးသိန်းစံက ပြောသည်။

ယင်းသို့ ကျောက်ထုတ်လုပ်နေမှုများကို ဒေသခံများက မလိုလားကြသော်လည်း တရားဝင် စာရေးသားကန့်ကွက်မှုများ ယနေ့အချိန်ထိ မရှိသေးဟု သိရသည်။

ယခုလက်ရှိတွင် မြေပြင်၌ ပြောစာပေါက်၊ ဦးပိုင်ပေါက်နှင့် ဦးပိုင်မပေါက် မြေအမျိုးအစားအလိုက် စာရင်းကောက်ယူပြီး ကျောက်ထုတ်လုပ်မှုကို ကန့်သတ်မှု ပြုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်နေသည်ဟု သိရှိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...