လက်ရှိ တည်ဆဲ ဥပဒေများအပါအဝင် စီမံကိန်းနှင့် ဆက်စပ်သည့် ဥပဒေများဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မည်ဆိုပါက ဒေသခံများ၏ မိရိုးဖလာမြေယာ ပိုင်ဆိုင်မှု၊ ဒေသခံများ၏ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှု အခွင့်အရေးများကို အပြည့်အဝ အကာအကွယ် ပေးထားခြင်းမရှိသည့်အတွက် စီမံကိန်းကို ရပ်ဆိုင်းထားရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဆယ်ရီဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ် ၅၀ ခန့် တက်ရောက်ဆွေးနွေးခဲ့သော ကျောက်ဖြူ အထူးစီးပွားရေး ဇုန်နှင့် မြေယာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှ တောင်းဆို လိုက်ခြင်းဖြစ်သည်။
၎င်းဆွေးနွေးပွဲမှ ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့အပါအဝင် အခြားစီမံကိန်းများမှ ရရှိသော အကျိုးအမြတ်ကို ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေပေးရန်နှင့် ကျေးလက်မြို့ပြ မကျန် ရခိုင်တစ်ပြည်လုံး လျှပ်စစ်မီး (၂၄) နာရီ ရရှိရေး၊ မိမိတို့ပြည်မှထွက်ရှိသော သဘာဝငွ့ ဓါတ်ငွေ့အား စျေးနှုန်းသက်သာစွာဖြင့် မီးဖိုချောင်သုံး အတွက် ရခိုင်တစ်ပြည်လုံး ရရှိစေရေးနှင့် ရခိုင့် သယံဇာတသည် ရခိုင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်လာစေရန် ရခိုင်ပြည်သူ လူထု ရွေးချယ်သော ရခိုင်ပြည်နယ်အစိုးရက တိုက်ရိုက်ကိုယ်တိုင် စီမံပိုင်ခွင့်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိစေရန်ကို တောင်းဆိုလိုက်သည်။
ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ယက် အနေနှင့် ဥပဒေတွေကို ပြင်ဆင်ပြီးမှ သာလျှင် အဆင်ပြေမယ်ဟု ရှူမြင်သုံးသပ်ပြီး တောင်းဆိုတာဖြစ်ကြောင်း ကွန်ယက် ဦးဆောင် ကော်မတီဝင် ကိုဇေယျကျော် ကပြောသည်။
‘‘ ပွင့်လင်းမြင်သာမှု အားနည်းတယ်။ ပွင့်လင်းမြင်သာမှုက အရင်အစိုးရနဲ့ အတူတူလို ဖြစ်နေတယ်။ SEZ နဲ့ပတ်သက်ပြီး ဥပဒေ ပြုထားတာတွေရှိတယ်။ အဲဒီ ဥပဒေသည် ဒေသခံ ပြည်သူလူထုပေါ်မှာ အာမခံမှုတွေ၊ အကာအကွယ်ပေးမှုတွေ အားနည်းနေတာကို တွေ့ရတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကြီးမားပြီး ပြည်သူလူထုကို ပြည်သူလူထုကို ထိခိုက်နိုင်တဲ့အခြေအနေတွေ တွေ့လာရပြီးနောက်မှာ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ယက် အနေနဲ့ ကတော့ ဒီဥပဒေတွေကို ပြင်ဆင်ပြီးမှ အစိုးရ၊ လွှတ်တော်တို့ကို ပြန်လည်ပြုပြင်ပေးဖို့ ပြည်သူ လူထုကိုယ်စား တောင်းဆိုရခြင်းဖြစ်တယ်’’ဟု သူကပြောသည်။
ဆက်လက််ပြီး ကိုဇေယျကျော် က ‘‘ အင်မတန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လျင်မြန်စွာ ဆောင်ရွက်ခြင်းက ဘယ်လောက်ထိ ဖွံ့ဖြိုးမလဲဆိုတာကို ကျနော်တို့က သံသယရှိတယ်။ ကျနော်တို့ ဒေသဟာ ပညာရေး၊ ကျန်းမာရေး လူသားအရင်းအမြစ်အရ နိမ့်ကျနေတာရှိတယ်။ Infrastructural အရလည်း နိမ့်ကျနေတာရှိတယ်။ အင်မတန်ကြီးတဲ့ စီမံကိန်းကို ဒီအချိန်မှာ လုပ်လို့ရှိရင် ဒီစီမံကိန်းကြောင့် ဒေသခံတွေ လူမှုစီးပွားဘဝဟာ အနုတ်လက္ခဏာဆောင်ပြီး ယိမ်းယိုင်သွားနိုင်တယ်’’ဟုပြောဆိုခဲ့သည်။
ပြည်သူကို အကာအကွယ်ပေးသည့် ဥပဒေတစ်ရပ် မပေါ်ထွန်းမချင်း စီမံကိန်းကို ကန့်ကွက် သွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်သွားမည်ဟု ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကွန်ယက် အဖွဲ့ဝင် ဒေါ်ညိုအေး ကလည်းပြောဆိုသည်။
‘‘ SEZတစ်ခုလုပ်တော့မယ်။ စီမံကိန်းရဲ့သက်ရောက်မှု ပြည်သူတွွေကို ရှိမယ်။ ဒါပေမယ့် အကျိုး ခံစားခွင့်ထက် ဆိုးကျိုးက တစ်ပြေးနေပါတယ်။ အရင်ကလုပ်ခဲ့တဲ့ ရွှေဂတ်စ် စီမံကိန်းမှာလည်း ပြည်သူတွေ အများကြီး ထိခိုက်ခံစားခဲ့ရတယ်ဆိုတာ စာရင်းစဇယားတွေအရ ကျမတို့သိရတယ်။ မြေဧက ေ(၄၀၀၀)ကျော် ကျေးရွာအုပ်စု (၉)ခု ကျေးရွာ (၃၀)ကျော်ဖြစ်တယ်။ လုပ်တော့မယ်လို့ လဲကြားတယ်။ ပြည်သူကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ် မပေါ်ထွန်းမချင်း စီမံကိန်းကို ကန့်ကွက်ပြီး ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်သွားမယ်’’ဟု ဒေါ်ညိုအေး ကပြောသည်။
ရခိုင်ပြည်ရှိလက်ရှိ လုပ်ဆောင်နေသည့် အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများဖြစ်သော သဘာဝ ဓါတ်ငွေ့ရှာဖွေတွေ့ရှိထားသည့် ကမ်းလွန်လုပ်ကွက် (A6) နှင့် (AD7) အပါအဝင် တခြားရေနံနှင့် သဘာဝဓါတ်ငွေ့တူးဖော်နေသည့် လုပ်ငန်းများအား လက်ရှိမတည်ငြိမ်သည့် ရခိုင်ပြည် အခြေ အနေနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူစာချုပ် မချုပ်ဆိုနိုင်သေးသည့် အချိန်ကာလ အတွင်း ရပ်ဆိုင်းထားရန်တောင်းဆိုလိုက်သည်။







