တိုင်းရင်းသားတန်းတူရေး၊ မြောက်ဦးအမှုမှန်ပေါ်ပေါက်ရေး၊ ဒေါက်တာအေးမောင်တို့ အရေး အတွက် ဘူးသီးတောင်တွင် လူပေါင်း ၅၀၀ ခန့် ဆန္ဒဖော်ထုတ်

တိုင်းရင်းသားတန်းတူရေး၊ မြောက်ဦးအမှုမှန်ပေါ်ပေါက်ရေး၊ ဒေါက်တာအေးမောင်တို့ အရေး အတွက် ဘူးသီးတောင်တွင် လူပေါင်း ၅၀၀ ခန့် ဆန္ဒဖော်ထုတ်
by -
စံမောင်သန်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လူပေါင်း ၅၀၀ ခန့်က တိုင်းရင်းသားတန်းတူ အခွင့်အရေးရရှိရေး၊ မြောက်ဦးဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ လွတ်မြောက်ရေးတို့အတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီတွင် လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

ယခု ဆန္ဒဖော်ထုတ်ပွဲသည် မာန်အောင်၊ မင်းပြား၊ ကျောက်တော်၊ မောင်တောမြို့တို့တွင် ပေါ်ပေါက်ခဲ့ပြီးမြောက် ပဥ္စမ အကြိမ်မြောက် ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဘူးသီးတောင် ဒေသခံ လူပေါင်း ၅၀၀ ခန့်သည် ပိုစတာများ၊ ဆိုင်းဘုတ်များ၊ အလံများကို ကိုင်ဆောင် ဝှေ့ယမ်းကာ မီးစက်ခွဆုံမှ မင်းထီးလမ်း၊ မင်းဗာကြီးလမ်း၊ ဓညဝတီ လမ်းအတိုင်း ချီတက်ကာ ကြွေးကြော်သံများ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြောက်ဦးကိစ္စ အမှန်တရားပေါ်ပေါက်ရေး (ဒို့အရေး) ၊ မြောက်ဦးကိစ္စ လူငယ်များဆီးမှု (ချက်ချင်းရပ်)၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ချက်ချင်းလွတ်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေး ရရှိရေး (ဒို့အရေး) စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်က မြောက်ဦးကိစ္စမှာ အမှန်တရား ပေါ်ပေါက်ရေး၊ ပြီးတော့ တိုင်းရင်းသား တန်းတူ အခွင့်အရေး ရရှိရေး၊ ဒေါက်တာအေးမောင်၊ ဆရာ ဝေဟင်အောင် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သူ ကိုမောင်သာဖြူက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မြောက်ဦးဖြစ်စဉ်တွင် ပြည်သူများ တိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင် ၂၀ ဒဏ်ရာရရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ ဒဏ်ရာရသူ တစ်ဦးတစ်ယောက်ကိုမှ ယနေ့ထိ ထုတ်ဖော်ပြသခြင်း မရှိသလို မည်သူမျှ မမြင်တွေ့ရကြောင်း၊ ပြည်သူများ သေဆုံးဒဏ်ရာရကြသည်ကိုသာ မြင်တွေ့ရပြီး ရဲက ဒဏ်ရာရသူများကို မမြင်တွေ့ရသည်အတွက် ပြည်သူလူထုက လိမ်လည်သည်ဟု ထင်မြင် ယူဆနေကြကြောင်း၊ မည်သို့ပင်ဖြစ်စေ လူအုပ်ထဲကို သေနတ်ပစ်ခတ်သူများကိုတော့ စိစစ်ဖော်ထုတ် အရေးယူသင့်ကြောင်း ၎င်းကပြောသည်။

“ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် ဖမ်းဆီးထားမှုနဲ့ မြောက်ဦး ဖြစ်စဉ်မှာ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်နဲ့ တရားဥပဒေအတိုင်း ဆောင်ရွက်စေချင်ပါတယ်။ ဒါကို ရခိုင်ပြည်သူ တစ်ရပ်လုံးက လိုလားပါတယ်” ဟု ကိုမောင်သာဖြူက ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦးဖြစ်စဉ်တွင် လူ ၇ ဦးသေဆုံးပြီး၊ ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး အနည်းဆုံး မြောက်ဦးဒေသခံ ၈ ဦးဖမ်းဆီးခံထားရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင် စာပေဟောပြောမှုနှင့် ဆက်စပ်၍ ပုဒ်မ ၃ ခုတပ်ကာ ဖမ်းဆီးထားခြင်း ဖြစ်သည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...