တပ်မတော်နှင့် TNLA တို့ တိုက်ပွဲကြောင့် ရွာနှစ်ရွာမှဒေသခံ အားလုံးစစ်ရှောင်လာရ

တပ်မတော်နှင့် TNLA တို့ တိုက်ပွဲကြောင့် ရွာနှစ်ရွာမှဒေသခံ အားလုံးစစ်ရှောင်လာရ
by -
စိုးသူအောင်

ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအောဝ်း/ ပလောင်အဖွဲ့ (TNLA) တို့ ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့နယ်ထံရှိ ဆိုက်ခေါင်နှင့် တာခိုင်အမည်ရှိသည့်ကျေးနှစ်ရွာမှ လူအားလုံး သိန္နီမြို့နယ်ထဲသို့ စစ်ရှောင်လာရသည်ဟု သိန္နီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နန်းခင်တာရီ က မဇ္စျိမသို့ပြောသည်။

နမ္မတူမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တစ်ဝှိက်သည် တပ်မတော်နှင့် TNLA တို့မကြာခဏထိတွေ့မှု ဖြစ်ပွားနေသည့်နေရာများလည်းဖြစ်သည်။

“ ကွတ်ခိုင်မြို့နယ်ထဲကရှင့် ဆိုက်ခေါင်နဲ့ တာခိုင်ဆိုတဲ့ရွာကလာတာ အဲ့နှစ်ရွာကလူအားလုံးပဲ အခု အကုန်လာတာရှင့်။ ကျွန်မတို့ လက်လှမ်းမမှီတော့ ဦးရေ အတိအကျတော့မသိဘူးရှင့်။ ၁၅၈ ယောက်ကတော့ သိန္နီမြို့နယ်ထဲက ကောင်းအိုင်ဘုန်းကြီးကျောင်းမှာ ကျေးရွာမှာရောက်လာတယ်။ ၅ ရက်နေ့ တည်းက ရောက်လာတာရှင့်။ သူတို့အတူတူမလာတဲ့ အဖွဲ့က အဲ့ရွာနားမှာပဲသိပ်တော့မဝေးဘူး။ အဲ့နေရာမှာကျတော့ အိမ်ထောင်စု ၁၃ စု ရှိတာပေါ့” ဟု သိန္နီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နန်းခင်တာရီ က မဇ္စျိမသို့ ပြောသည်။

ဆိုက်ခေါင်နှင့် တာခိုင်ကျေးရွာ နှစ်ရွာမှ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့်ရှိသည့်အနက် သိန္နီမြို့နယ်ထဲရှိ ကောင်းအိုင်ကျေးရွာဘုန်းကြီးကျောင်းတွင် လူဦးရေ ၁၅၈ ဦးကိုလက်ခံစောင့်ရှောက်ထားခြင်း ဖြစ်သည်။

စစ်ဘေးရှောင်များအတွက် စားရေးသောက်ရေးအတွက် လတ်တလော အဆင်ပြေသော်လည်း အခင်း၊ စောင်ကဲ့သို့ ပစ္စည်းများလုံလောက်မှုမရှိဟု နန်းခင်တာရီ ကဆိုသည်။

အဆိုပါဒေသများတွင် တပ်မတော်နှင့် တအောဝ်း/ ပလောင်အဖွဲ့ (TNLA) တို့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်း ထိတွေ့မှုဖြစ်ခဲ့ သေးသည့်အပြင် နမ္မတူဘက်တွင်လည်း ယခင်စစ်ဘေးရှောင်ဒေသခံများပင် နေရပ် ပြန်နိုင်သေးခြင်းမရှိဟု နမ္မတူစစ်ရှောင်စခန်းတာဝန်ခံ ဦးအောင်ဆန်းမြင့်ကဆိုသည်။

“ ၂၀၁၆ ကနေရောက်နေတဲ့သူ Camp ၃ ခု ပေါင်းမှ ၅၅၈ ယောက်၊ အခုပြီးခဲ့တဲ့နေ့ ၁၂ ရက်နေ့ ရောက်တာကကျတော့ ၉၈ ယောက် ဒါပဲရှိပါသေးတယ်။ ၆၀၀ ကျော်သွားပြီပေါ့နော် “ ဟု ၄င်းကဆိုသည်။

ထွက်ပြေးတိမ်းရှောင်သူဦးရေအရေအတွက်မှာဖေဖော်ဝါရီ(၈)ရက်နေ့ရရှိထားသည့် စာရင်းများအရ မိုင်းယုကျေးရွာ တွင် (၆၂၆)ဦး ၊ နမ့်ဖက် ကာ ကျေး ရွာ အောင်သပြေစစ်ရှောင်းစခန်းတွင် (၅၉) ဦး၊ သိနီ႖မြို့တွင် (၁၅၈)ဦး  စုစုပေါင်း (၈၄၃) ဦး ရှိသည်ဟု TNLA ဘက်မှထုတ်ပြန်ထား သည်။

အလားတူ လွန်ခဲ့သောရက်များအတွင်း၌ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ငေါ့ငါးရွာ၊ ဖာဖိန်ရွာ၊ ဆိုက်ခေါင်ရွာ၊ တာခိုင်ရွာများမှ ရွာသူ/ရွာသားများ သည်ရွာလုံး ကျွတ်စစ်ပွဲရှောင် များအဖြစ်တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ '၀'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...