TNLA နှင့် RCSS နမ့်ဆန်ရွာအနီး တိုက်ပွဲများပြန်ဖြစ်

TNLA နှင့် RCSS နမ့်ဆန်ရွာအနီး တိုက်ပွဲများပြန်ဖြစ်
by -
ဇေယျာမော်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နှင့် ကျောက်မဲမြို့နယ်အကြားရှိ ကိုက်တိုင်ကျေးရွာ (ဒေသအခေါ် ကြက်သေရွာ) အနီး၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင် တအာဝ်းတပ်ဖွဲ့(TNLA) တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု  TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

"မနေ့က မနက် ၇ နာရီလောက်ကနေ ၈နာရီခွဲလောက်အထိ ဖြစ်တယ်။ အခုလက်ရှိ အခြေအနေကတော့ နှစ်ဖက်တပ် တွေက တစ်ဖက်နဲ့တစ်ဖက်စောင့်နေကြတယ်။ RCSS ဘက်က တက်လာရင် ထပ်ဖြစ်လာနိုင်တဲ့ အနေအထားရှိနေတယ်" ဟု ၄င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်သည့်ဒေသအနီး၌ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း RCSS တပ်ဖွဲ့များနှင့် TNLA  တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယင်း တိုက်ပွဲဖြစ်ပွားသည့် နေရာသည် TNLA ထိန်းချုပ်နေရာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းနေရာမှ TNLA မှ ဆုတ်ခွာခဲ့ရကြောင်း ၊ ယခုအခါ အဆိုပါနေရာကို RCSS မှ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တာအိုက်ကျော်၏ ပြောဆိုချက်အရ သိရသည်။

ယခုလက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဘက်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

RCSS နှင့် TNLA  တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများအား ဖြေရှင်းနိုင်ရန် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) တို့အကြား ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှုကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ က ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး "နှစ်ဖက်တွေ့ဆုံမှုက ဆက်လက်ညှိနှိုင်းနေဆဲအနေအထားပဲ ပြောလို့ရမယ်။ ဆွေးနွေးရမယ့် နေရာ အချိန်တွေ ဘာတွေဆွေးနွေးမလဲဆိုတာ မသတ်မှတ်ရသေးဘူး" ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က ဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော် ၊ TNLA စသည့်အဖွဲ့များဖြင့် မကြာခဏဆိုသလို  တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ '၀'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး   နိုင်ငံရေးတွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...