ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူ ဦးရေ ၁ သိန်းကျော်ရှိပြီး လူဦးရေ အားလုံး၏ ၅.၃ ရာခိုင်နှုန်းရှိကာ တိုင်းနှင်ပြည်နယ် ၁၄ ခုထဲတွင် အမြင်မားဆုံးဖြစ်သည်ဟု မသန်စွမ်းသူများ အရေးကို ဆောင်ရွက်နေသည့် ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်သော မသန်စွမ်းသူများအား ရွှေမင်းသားဖောင်ဒေးရှင်းက ခြေတု တပ်ဆင်ပေးခြင်း အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ရွှေမင်းသားဖောင်ဒေရှင်းက သုတေသနပြုချက်အရ ရခိုင်ပြည်နယ်မှာ မသန်စွမ်းသူ ၁ သိန်းကျော် ရှိပြီးတော့ ရာနှုန်းအားဖြင့်ဆိုရင် ၅ ဒသမ ၃ ရာခိုင်နှုန်းကျော်ရှိပါတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ မသန်းစွမ်းသူ ၁ ဒသမ ၃ သန်းရှိပါတယ်။ တစ်နိုင်ငံလုံး ရာခိုင်နှုန်း ၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ နှိုင်းစာမယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်”ဟု ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
ယင်းသို့ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိသည့်အနက် မသန်စွမ်းသူ ၇၈ ရာခိုင်နှုန်းသည် အလုပ်အကိုင် အခွင့်အလမ်း မရှိဖြစ်နေကြောင်း၊ လူတစ်ဦးဝင်ငွေသည် တစ်လလျှင် ၁၀၀၀၀ ကျပ်သာရှိကြောင်း၊ မသန်စွမ်းသူ အားလုံး၏ ၃ ရာခိုင်နှုန်းသာ ပညာသင်ကြားခွင့်ရရှိဘဲဖြစ်နေကြောငး ဦးမြတ်သူဝင်းက ရှင်းပြပြောဆိုသည်။
“ရခိုင်ပြည်နယ်ထဲက မသန်စွမ်းသူအားလုံးရဲ့ ၉၄ ရာခိုင်နှုန်းဟာ အားပေးစကားပေးမှုကို မရရှိဖြစ်နေပါတယ်။ ၅၁ ရာခိုင်နှုန်းသာ မိသားစုရဲ့ ထောက်ပံ့မှုကို ရရှိကြပါတယ်။ ဒီလိုဖြစ်နေမှုကြောင့် ယုံကြည်ချက်လျော့နည်းလာတာကနေ ယုံကြည်ချက်မရှိတဲ့ အဆင့်ကို ရောက်ရှိသွားပါတယ်”ဟု ဦးဝင်းမြတ်သူက ပြောသည်။
ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းသူသည် ယခုခရီးစဉ်တွင် မသန်စွမ်းသူများ အရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံသွားမည်ဟုဆိုသည်။
မသန်စွမ်းသူများအား ခြေတု တပ်ဆင်ပေးရာတွင် ခြေတု ၄၈ ချောင်းကို တပ်ဆင်ပေးခဲ့သည်ဟု သိရသည်။
“ဒီလိုမသန်စွမ်းသူတွေကို ခြေတုတပ်ပေးတဲ့အတွက် ဂုဏ်ယူရမယ့်နေ့လည်းဖြစ်ပါတယ်။ မသန်စွမ်းသူတွေကို ချီးမြှင့်ဂုဏ်ပြုပေးတဲ့ အခမ်းအနားလည်းဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။
မသန်စွမ်းသူများအနေဖြင့်လည်း မိမိတို့၏ စွမ်းရည်ကို မြှင့်တင်ပြီး နိုင်ငံဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဒေါက်တာချမ်းသာက ပြောကြားခဲ့သည်။
“ဒီနေ့မှ စတပ်တာပါ။ သွားရတာ အဆင်ပြေသွားပါတယ်။ အရင်တုန်းက ကစားရင်လည်း ချိုင်းထောက်နဲ့ ကစားရပါတယ်။ အခုကတော့ လူကောင်းတစ်ယောက်လို လွတ်လွတ်လပ်လပ် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ အခုလို ခြေတုရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်”ဟု မွေးရာပါ ခြေထောက်တစ်ဘက်ပြတ်နေသည့် ကျောက်တော်မြို့နယ် ကျားနက်ကန် ကျေးရွာမှ အသက် ၈ နှစ်အရွယ် မောင်နေဆန်းအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာမှ အသက် ၁၃ နှစ်အရွယ် စတုတ္ထတန်းကျောင်းသား မောင်အောင်စိုးထွန်းတွင်လည်း ခြေထောက်တစ်ဘက်ပြတ်နေသည့်အတွက် သွားလာရာတွင် မိုးရေထဲ၌ လဲကျသည်များလည်း ရှိခဲ့သည်ဟု ဆိုသည်။
“ပထမဆုံးအကြိမ် တပ်တာပါ။ အရင်တုန်းက ချိုင်းထောက်ရပေမယ့် ချိုင်းထောက်က တိုတော့ အသုံးပြုလို့ မရခဲ့ပါဘူး။ တစ်ခါတစ်လေ မိုးရေထဲမှာ သွားရင်းနဲ့ လဲကျတာနဲ့ ကြုံခဲ့ရပါတယ်။ အမေက ချီပြီးတော့ ကျောင်းလိုက်ပို့ ပေးရတာလည်းရှိပါတယ်။ အရင်တုန်းက ဘောလုံး ကစားမယ်ဆိုရင် ဒူးထောက်ပြီး ကစားရပါတယ်။ ဒီတစ်ခါတော့ လူကောင်းတွေလို မတ်တပ်ရပ်ပြီး ကစားနိုင်တော့မှာဖြစ်ပါတယ်”ဟု မောင်အောင်စိုးထွန်းက ပြောသည်။
ရခိုင်ပြည်နယ်ရှိ မသန်စွမ်းသူများသည် အခြားတိုင်းနှင့် ပြည်နယ်ရှိ မသန်စွမ်းသူများထက် အခွင့်အလမ်း ပိုနည်းနေသည့်အတွက် မသန်းစွမ်းသူများကို ကူညီပံ့ပိုးနိုင်ရန်အတွက် ရခိုင်ပြည်နယ်တွင် ရွှေမင်းသားဖောင်ဒေးရှင်းက ဖွဲ့ပေးထားသည့်အဖွဲ့ ၇ ဖွဲ့ရှိသည်ဟု သိရှိရသည်။







