UNFC ၏ရှေ့ဆက်ရပ်တည်ချက်များနှင့် ပက်သက်ပြီး လာမည့်ကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်မည်

UNFC ၏ရှေ့ဆက်ရပ်တည်ချက်များနှင့် ပက်သက်ပြီး လာမည့်ကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်မည်
by -
စိုးသူအောင်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ရှေ့ဆက်ရပ်တည်ချက်နှင့် ပတ်သက်ပြီး လာမည့် ဖေဖော်ဝါရီလအတွင်း   ပြုလုပ်ရန်ရှိသည့် ကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု UNFC ၏ နိုင်ငံရေး ဆိုင်ရာဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN) ဒုတိယအဖွဲ့ ခေါင်းဆောင် နိုင်အောင်မငေးက ပြောဆိုလိုက်သည်။

ထို့အပြင် အဆိုပါအစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ထိုးရန်ကြေညာခဲ့သည့် မွန်ပြည် သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုက ရက် တစ်အစည်းအရုံး(LDU) တို့၏ UNFC နှင့်ပတ်သက်သည့် ရပ်တည်ချက်များကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ဆိုသည်။

“ UNFC ရဲ့ကောင်စီအစည်းအဝေးက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာစမယ်လေ။ အဲ့ဒီ့မှာ UNFC ရဲ့ ရှေ့ဆက် ရပ်တည်ဖို့ ဘယ်လိုရှိမလဲ။ ဘယ်လိုပူးတွဲ ဆောင်ရွက်လုပ်ကြမလဲဆိုတာ အဲ့ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် ချကြမယ်ပေါ့။ ၁၀ ရက်နေ့မှာအစည်းအဝေးရှိတယ်ဆိုတော့ ”  ဟု DPN  ဒုတိယ အဖွဲ့ ခေါင်းဆောင် နိုင်အောင်မငေး က ပြောသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဘက်မှ အစိုးရသို့ အချက် ၈ ချက် တောင်းဆိုထားပြီး လက်ရှိအချိန်တွင် စကားရပ် တစ်ခု၌သာညှိနှိုင်း၍ သဘောတူညီမှုမရသေးခြင်းဖြစ်သည်။

သို့သော် UNFC အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က UNFC နှင့်ညှိနှိုင်း၍ မရသေးသည့်အဆိုပါ စကားရပ်အပေါ် ဆက်လက်မညှိနှိုင်းတော့ဘဲ အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ကာ NCA  လက်မှတ် ရေးထိုးမည်ဟုပြောဆိုလိုက်ခြင်းဖြစ်သည်။

UNFC အဖွဲ့ဝင်များဖြစ်ကြသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊  ရခိုင်အမျိုုးသားကောင်စီ (ANC)၊ လားဟူဒီမို ကရပ်တစ်အစည်းအရုံး (LDU) တို့တွင် အပစ်ရပ်လက်မှတ် ရေးထိုးရန် နှစ်ဖွဲ့သာကျန်ရှိတော့မည်ဖြစ်သည်။

ထို့ကြောင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ရှေ့ဆက်ရပ်တည်ချက်နှင့် ပတ်သက်ပြီး  အဆိုပါအစည်းအဝေးတွင် ဆက် လက်ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ကြောင်းသိရသည်။

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် DPN တို့အကြား အဆိုပြုချက် (၈)ချက် သဘောတူညီမှု ရရှိစေရေး အတွက် ဆွေးနွေးညှိနှိုင်း ခဲ့သည်မှာ ၁၇ လကျော်လွန်၍ တရားဝင်ဆွေးနွေးပွဲ (၈)ကြိမ်မြောက်ထိတိုင်ပြုလုပ်ခဲ့ပြီး ပြေလည်မှုမရရှိသေးခြင်းလည်းဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...