နောင်ချိုမြို့ရှောင်လမ်းဖောက်လုပ်ရာနှင့် လျှပ်စစ်တာဝါတိုင်တည်ဆောက်ခြင်းစီမံကိန်းတို့၌ ပါဝင်သိမ်းဆည်းခံရသည့်လယ်ယာမြေများကို လျော်ကြေး၊နစ်နာကြေးများ အမြန်ဆုံးပေးရန် ဒေသခံများက ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ မင်းကံကောင်းစားသောက်ဆိုင်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ကတော့ လျော်ကြေးတွေကို ကာလပေါက်စျေးနဲ့ အမြန်ဆုံးပေးစေချင်တယ်။ ပြည်နယ် အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်တယ်။"ဟု ဦးရွှေလုံးက ပြောသည်။
နိုင်ငံတော်စီမံကိန်းဟုဆိုကာ နောင်ချိုမြို့ရှောင်လမ်းနှင့်လျှပ်စစ်တာဝိုင်တိုင်များစိုက်ထူခြင်းကို ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြပြီး ထိုစဉ်ကပင် နစ်နာကြေးများနှင့်လျော်ကြေးများပေးရန်အတွက် ပြည်နယ်အစိုးရ အဖွဲ့ထံ တင်ပြမှုများပြုလုပ်ခဲ့သော်လည်း ယနေ့တိုင်ဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် ယခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါစီမံကိန်းများကြောင့် လယ်ယာမြေဧက ၃၉၀ ကျော်သိမ်းဆည်းခံထားရပြီး တောင်သူ ၃၀၀ နီးပါး စားဝတ်နေရေးများ ခက်ခဲလျှက်ရှိကြောင်း သိရသည်။
ကုန်းစံကျေးရွာမှ ဦးအိုက်ရီက "ဥပဒေနဲ့အညီပဲ မြေလျော်ကြေးလိုချင်တယ်။အခုမြေက တာဝါတိုင်တွေ စိုက်တဲ့ အထဲ ၅ ဧကလုံးပါတယ်။ ဒီမြေက အလကားရထားတာ မဟုတ်ဘူး။ ချွေးနည်းစာနဲ့ဝယ်ပြီး စိုက်ပျိုးစားနေတာပါ။" ဟု ပြောသည်။
စီမံကိန်းဧရိယာအတွင်းပါဝင်သွားသည့် မြေအများစုသည် ဓါးမဦးချလုပ်ကိုင်ခဲ့ကြပြီး အများစုမှာ ပုစံ(၇) ရရှိသူများနှင့် အချို့မှာ ယနေ့အချိန်ထိ မြေယာ၊သီးနှံခွန်များ ပေးဆောင်နေသည့်မြေများဖြစ်ကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် နိုင်ငံတော်မှစီမံကိန်းလုပ်ဆောင်သည်ကိုလက်ခံကြောင်း၊စီမံကိန်းအသုံးပြုမည့် ဧရိယာလောက်သာ သိမ်းယူလိုစေကြောင်း၊ထပ်မံအသုံးပြုမည့်လယ်ယာမြေများကို အငှားအဖြစ် ဆောင်ရွက်စေလိုကြောင်း တောင်သူများက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"စီမံကိိန်းလုပ်မယ့်လောက်ပဲ သိမ်းပါ။ကျန်တဲ့မြေကို စိုက်ပျိုးမြေအဖြစ်ပဲ ဆက်ထားပေးစေချင်တယ်။တကယ်လို့ အဲဒီမြေတွေကို စီမံကိန်းတည်ဆောက်နေစဉ် အသုံးပြုဖို့လိုတယ်ဆိုရင် ကျွန်တော်တို့ဆီက ပြန်ငှားပါ။ အဲလိုဆို ရင် စီမံကိန်းပြီးရင် ကျွန်တော်တို့မြေ ပြန်ရမှာပဲ။ အဲလိုပြောလည်း မရဘူး"ဟု ဦးရွှေလုံးက သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။
ဒေသခံတောင်သူများအနေဖြင့် နစ်နာကြေး၊လျော်ကြေး အမြန်ဆုံးပေးအပ်ရန်အတွက် ပြည်နယ်အစိုးရထံ တင်ပြတောင်းခံမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းများကြောင့် ဒေသခံတောင်သူများ တွေ့ကြုံနေရသည့်ဒုက္ခများနှင့်ပတ်သက်၍ မြန်မာလူထု မဟာမိတ်(ရှမ်းပြည်)က ကွင်းဆင်းလေ့လာပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးစီမံကိန်းတို့ နောက်ကွယ်မှ အမေ့လျော့ခံ ဘဝများဟုဆိုကာ စာအုပ်ထုတ်ဝေထားကြောင်း သိရသည်။







