ဦးရာဇ်တောင်စေတီ ဓါတ်လှေကား တည်ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီး

ဦးရာဇ်တောင်စေတီ ဓါတ်လှေကား တည်ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီး
by -
စံမောင်သန်း

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ ချောင်းတစ်ဘက်ကမ်းတွင် တည်ရှိသော ဦးရာဇ်တောင်စေတီတော် ဓါတ်လှေကား ဆောက်လုပ်မှုမှာ ယခုအချိန်တွင် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ဦးရာဇ်တောင် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောသိန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“အခု ဓာတ်လှေကား တည်ဆောက်နေမှုက ၈၅ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ ယခုနှစ် မေလအတွင်း ပြီးစီးမယ်လို့ ခန့်မှန်းရပါတယ် ” ဟု သူက ပြောသည်။

အဆိုပါ ဓါတ်လှေကားကို ဦးရာဇ်တောင် ဂေါပကအဖွဲ့မှ မတည်ငွေ ကျပ်သိန်း ၁၀၀၀ နှင့် ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ကူညီငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။ အပြီးအစီးတည်ဆောက်ရန် ကျပ်သိန်း ၄၀၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“ ဒီဓာတ်လှေကားကို ပုဏ္ဏားကျွန်းမြို့ အဝေးရောက် အင်ဂျင်နီယာအဖွဲ့က ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပါတယ်။ ယခုအခါ ဓါတ်လှေကားအတွက် လိုအပ်တဲ့ တိုင်တွေ တည်ဆောက်မှုက ပြီးစီးနေပါပြီ။ နောက်ထပ် အမိုး၊ လျှောက်လမ်း တည်ဆောက်ရန်နဲ့ စက်တပ်ဆင်ရန်သာ လိုအပ်ပါတော့တယ်” ဟု ဦးကျော်ဇောသိန်းက ပြောသည်။

၎င်းအပြင် ဦးရာဇ်တောင် စေတီအတွက် ရင်ပြင်ကို တိုးချဲ့ရန် မြေဖို့ခြင်းနှင့် မြေထိန်းနံရံ တည်ဆောက်ရန် လိုအပ်နေသေးသည်ဟု ဂေါပကအဖွဲ့ဝင်များက ပြောသည်။

ဦးရာဇ်တောင် (ဦးခွံတော်ဓါတ်) စေတီကို ရခိုင်ဘုရင့်နိုင်ငံတော် ဓညဝတီပြည့်ရှင် သူရိယစက္ကမင်းကြီးနှင့် မိဖုရား ရုစိတာတို့က သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ရခိုင်ဘုရင် မင်းဖလောင်းသည် အေဒီ ၁၅၉၁ ခုနှစ်တွင် ကျောက်သားအတိဖြင့် အမြင့် ၁၅၃ ပေ၊ လုံးပတ်တော် ၄၀၀ အထိ ရှိအောင် ပြုပြင် မွန်းမံ တည်ဆောက်ခဲ့သည်ဟု သိရသည်။

“ဒီဦးရာဇ်တောင် စေတီကို လာဖူးကြတဲ့ အသက်ကြီး ရွယ်အိုတွေဟာ ဘုရားအထိ ရောက်အောင် မတက်နိုင်တဲ့အတွက် တောင်အောက်ကနေ ဖူးမျှော်ပြီး ပြန်သွားကြရပါတယ်။ ဒီဓါတ်လှေကား ပြီးစီးသွားရင်တော့ အရွယ်အားလုံး ဖူးမျှော်နိုင်ကြမှာ ဖြစ်ပါတယ်”ဟု ဦးရာဇ်တောင် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောသိန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...