ဒေါက်တာအေးမောင်တို့ကို ပြန်လွှတ်ပေးရေး မင်းပြားတွင် လူပေါင်းရာနှင့်ချီပြီး ဆန္ဒဖော်ထုတ်

ဒေါက်တာအေးမောင်တို့ကို ပြန်လွှတ်ပေးရေး မင်းပြားတွင် လူပေါင်းရာနှင့်ချီပြီး ဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လူပေါင်းရာနှင့် ချီပြီး လမ်းပေါ်ထွက်ကာ ဒေါက်တာအေးမောင်တို့ကို ပြန်လွှတ်ပေးရေးအတွက် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

“ဒီဆန္ဒဖော်ထုတ်ပွဲကို မင်းပြားမြို့ လူမှုအဖွဲ့အစည်း အကုန်လုံး စုစည်းပြီး ပြုလုပ်တာပါ။ လူပေါင်းကတော့ တစ်ထောင်ဝန်းကျင်လောက်ပါမယ်။ နေ့လယ် တစ်နာရီကျော်က စတင်ပြီး ၂ နာရီကျော်မှာ ပြီးဆုံးပါတယ်။ ရခိုင်အမျိုးသားပါတီရုံးရှေ့မှာ စုရပ်လုပ်ပြီး မင်းစောမွန်လမ်း၊ ဘုရားတကာလမ်း၊ ဦးကျော်ဝင်းလမ်း၊ မင်းဂံလမ်း၊ စွန်ရဲလမ်း၊ အောင်သစ္စာလမ်း၊ မြောင်းဘွေလမ်း၊ ဦးဥတ္တမလမ်း၊ ကန့်ကော်မြိုင်လမ်းတို့ကို ချီတက်ပြီး ရခိုင်အမျိုးသားရုံးကို ပြန်လာပြီး လူစုခွဲလိုက်ပါတယ်” ဟု ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ရာတွင် ပါဝင်သူ မင်းပြားဒေသခံ ဦးကျော်ဝင်းခိုင်က နိရဥ္စရာ သတင်းဌာနသို့ ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူထု၏ လိုလားချက်များကို တောင်းဆိုခဲ့ကြသည်။

“ ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို အစိုးရက စွဲထားတဲ့ ပုဒ်မတွေက တအားကြီး အရမ်းပြင်းထန်နေတော့ သူတို့ကို အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီး ပြန်လွတ်ပေးဖို့ တောင်းဆိုပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ အဆို အမိန့်အတိုင်းပေါ့ဗျာ၊ မြောက်ဦးပစ်ခတ်နှိမ်နှင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူစစ်ဆေးပေးဖို့နဲ့ ရခိုင်လူထု တောင်းဆိုချက်တွေကို အစိုးရအနေနဲ့ လိုက်လျော့ပေးဖို့ဆိုတဲ့ အချက်တွေကို တောင်းဆိုကြပါတယ်” ဟု ဦးကျော်ဝင်းခိုင်က ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး (ဒို့အရေး)၊ ဒေါက်တာအေးမောင်နှင့် ဦးဝေဟင်အောင်အား အမြန်ဆုံးလွှတ်ပေးရေး (ဒို့အရေး)၊ မြောက်ဦးပစ်ခတ်နှိမ်နှင်းမှုအား ဥပဒေနှင့် အညီ စစ်ဆေးအရေးယူပေးရေး(ဒို့အရေး)၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အလေးထားပါက ရခိုင်လူထု တောင်းဆိုမှုများကို (လိုက်နာပါ) စသည့် အချက် (၄) ချက်ကို ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...