ရခိုင်ပြည်နယ်အတွင်းမှ အသက်မပြည့်သည့် ကလေးသူငယ်များကို အလုပ်ချိန် ၄ နာရီထက် ပိုသည့် လုပ်အားခပေးခိုင်းစေနေမှုများကို တွေ့ရှိပါက အလုပ်ခိုင်းစေနေသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဒေါက်တာချမ်းသာက ပြောသည်။
စစ်တွေမြို့တွင် ရခိုင်ပြည်နယ် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ပြည်နယ် အမျိုးသမီးရေးရာ ကော်မတီတို့၏ လုပ်ငန်း ညှိနိုင်း အစည်းအဝေးတွင် ဥက္ကဋ္ဌဒေါက်တာချမ်းသာက ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထိုသို့ပြောကြားသွားခြင်း ဖြစ်သည်။
သို့သော်လည်း အရေးယူမှု မပြုလုပ်ခင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး ပညာပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပညာပေးမှု ပြုလုပ်သော်လည်း ပြုပြင် ပြောင်းလဲမှု မရှိမှသာ စိစစ်မှုများ ပြုလုပ်ကာ အရေးယူသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ကလေးသူငယ်တွေကို လုပ်အား ခပေးပြီး ခိုင်းစေနေတာတွေပေါ့။ အမှန်တကယ်ကတော့ အသက် ၁၄ နှစ်နဲ့ ၁၆ နှစ် အကြား ကလေးတွေကို အလုပ်ခိုင်းစေမယ်ဆိုရင်တောင် ၄ နာရီထက် မပိုရဘူး။ တချို့မြင်တဲ့အတိုင်းပဲ တစ်နေ့ကုန်လုပ်နေရတာတွေရှိတယ်။ ဒါတွေကို ကျနော်တို့ စစ်ဆေးပြီးရင် ပညာပေးသွားဖို့ဖြစ်ပါတယ်။ ပညာပေးလို့မှမရရင် နောက်တစ်ဆင့်ကတော့ အရေးယူမယ့်အပိုင်းတွေကို လုပ်နိုင်ဖို့ စီစဉ်နေကြပါတယ်” ဟု ရခိုင်ပြည်နယ် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာချမ်းသာက ပြောသည်။
ကလေးငယ်များ၏အခွင့်အရေးဆိုင်ရာများကို ပညာရေးဌာနမှဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ စစ််တွေခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်လှယဉ်အေး ယခုကဲ့သို့ ရှင်းလင်းပြောကြားသည်။
“ကလေးသူငယ်များနဲ့ ပတ်သက်လို့ ဆရာ၊ဆရာမတွေက ကိုယ်ထိလက်ရောက် ကျူးလွန် ရိုက်နက်မှုတွေကို မပြုလုပ်ဖို့ အခြေခံံပညာဦးစီဌာနကနေ ပြည်နယ်ပညာက တစ်ဆင့် တစ်ပြည်နယ်လုံးကို အော်ဒါ ထုတ်ပြီးတော့ ညွှန်ကြားထားတာလည်း ရှိပါတယ်” ဟု ဒေါ်လှအေးယဉ်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်အများစုသည် လက်ရှိတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင်အစရှိသည့် လုပ်ငန်းများတွင် မိသားစုဝင်ငွေ အဖြစ် အခကြေးငွေများရယူကာ ဝင်ရောက် အလုပ် လုပ်ကိုင်နေမှု အများအပြား ရှိနေသည်။
အဆိုပါကလေးငယ်များ၏ အခွင့်အရေးကို ကာကွယ်သောအားဖြင့် အသက်မပြည့် ကလေးငယ်များ အလုပ်ချိန် ၄ နာရီထက်သာမက တစ်နေ့ကုန် လုပ်အားပေး ခိုင်းစေမှုများ မရှိစေရန်နှင့် ကလေးသူငယ်များအခွင့်ရေးဆိုင်ရာနှင့်ပတ်သက်ပြီး အပြည့်အဝရရှိစေရန် ဌာနဆိုင်ရာများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာချမ်းသာက ပြောသည်။







