ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်ပြီး ယနေ့အချိန်ထိ ဖမ်းဆီးခံထားရသူမှာ ၁၁ ဦးရှိပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ၁၂ ဦးရှိကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံထားရသူ ၁၁ ဦးမှာ စစ်တွေ ဆေးရုံကြီးတွင် တက်ရောက်ကုသနေရသူ ၈ ဦး၊ မြောက်ဦးဆေးရုံတွင် တစ်ဦး၊ လူနာ သုံးဦး ထွက်ပြေးတိမ်းရှောင်သွားသဖြင့် တာဝန် ပေါ့လျော့မှုဖြင့် ဖမ်းဆီးခံထားရသူ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ ဖြစ်ကြသည်။
ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ကို တာဝန်ပေါ့လျော့မှုဖြင့် မြောက်ဦးရဲစခန်းတွင် ဖမ်းဆီးထားပြီး မြောက်ဦးဖြစ်စဉ်တွင် သေနတ်ဒဏ်ရာရ၍ စစ်တွေဆေးရုံတွင် ကုသနေရသူ ၈ ဦးနှင့် မြောက်ဦးဆေးရုံတွင် တက်ရောက်ကုသနေရသူ တစ်ဦးကိုလည်း ဆေးရုံံ အချုပ်ခန်းတွင် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။
“ တာဝန်ပေါ့လျော့တဲ့ အတွက် ဒုရဲအုပ် တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ကို ဖမ်းဆီးထားပါတယ်။ ဆေးရုံက ဒဏ်ရာရတဲ့လူတွေကိုတော့ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁)နဲ့ အရေးယူထားပါတယ်” ဟု ဇန်နဝါရီ ၂၅ ရက်နေ့က ပြည်နယ် ရဲမှူးကြီးက ပြောဆိုသည်။
ထွက်ပြေးတိမ်းရှောင်နေရသူ ၁၂ ဦးထဲတွင် မြောက်ဦးမှ ၇ ဦး၊ စစ်တွေမြို့ ပြည်နယ် အစိုးရရုံးရှေ့တွင် ယခုလ ၁၇ ရက်နေ့၌ မြောက်ဦးဖြစ်စဉ်ကို ကန့်ကွက်ဆန္ဒပြသူ လူငယ် ၅ ဦးတို့ ဖြစ်ကြသည်။
စစ်တွေမြို့နယ် ရဲမြို့နယ်မှူး သန်းကျော်မှ စစ်တွေမြို့ ပြည်နယ် အစိုးရရုံးရှေ့တွင် ယခုလ ၁၇ ရက်နေ့၌ မြောက်ဦးဖြစ်စဉ်ကို ကန့်ကွက်ဆန္ဒပြသူ လူငယ် ၅ ဦးကို အမှုဖွင့်ထားကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။
မြောက်ဦးဒေသခံ ကိုမောင်ဝင်းချေက ဆေးရုံက ထွက်ပြေးတိမ်းရှောင်သွားသူက သုံးဦး၊ ရခိုင်ဘုရင့် အချုပ်အခြာအာဏာဦးဆောင်ကျင်းပသူ ၄ ဦး၊ စုစုပေါင်း မြောက်ဦးမှ ၇ ဦး ထွက်ပြေးနေရကြောင်း ပြောကြားသည်။
ဇန်နဝါရီ ၁၆ ရက် ညတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။
၎င်းနောက်ပိုင်းတွင် ဖမ်းဆီးအရေးယူမှုများရှိလာရာမှ တစ်ချို့မှာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။







