မြောက်ဦးဖြစ်စဉ်ကြောင့် ဒဏ်ရာရဆေးရုံတက်နေသည့်လူနာများအား လက်ထိပ်ခတ်ပြီး ဖမ်းဆီး

မြောက်ဦးဖြစ်စဉ်ကြောင့် ဒဏ်ရာရဆေးရုံတက်နေသည့်လူနာများအား လက်ထိပ်ခတ်ပြီး ဖမ်းဆီး

မြောက်ဦးဆူပူအကြမ်းဖက်မှုကြောင့် ဒဏ်ရာရ၍ ဆေးရုံတက်နေသည့် လူနာများကို ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်း၌ ရဲက လက်ထိပ်ခတ် ဖမ်းဆီးကာ ဆေးရုံအချုပ်ထဲတွင် ထိန်းသိမ်းထားလိုက်ကြောင်း လူနာမိသားစုဝင်များထံမှ သိရသည်။

အဆိုပါလူနာများအား ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ကလာရောက်ပြီး ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စစ်တွေဆေးရုံတွင်ဆေးကုသခံယူေနသည့် ကိုဦးသန်းဇော် (၁၉ နှစ်)၏ဖခင် ဦးအေးမောင်သိန်းက ပြောသည်။

“ဘာမှမပြောဘူး။ ဘာအမှုနဲ့ဖမ်းတယ်၊ ဘာပုဒ်မနဲ့ဖမ်းတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာ တစ်ခုမှ မပြောဘူး။ ဒီအတိုင်းဝင်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ လမ်းလျှောက်လို့ ရတဲ့သူတွေကို လမ်းလျှောက်လို့ခေါ်ပြီး ဆေးရုံအချုပ်ထဲ ထည့်လိုက်တယ် “ဟု ဦးအေးမောင်သိန်းက နိရဥ္စရာသတင်းဌာနကိုပြောသည်။

မြောက်ဦးဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသွားကြသည့် အရပ်သား ၁၂ ဦးအနက် ၄ ဦးမှာ မြောက်ဦးဆေးရုံတွင်ဆေးကုသခံယူေနကြပြီး ကျန် ၈ ဦးမှာ စစ်တွေဆေးရုံတွင် ဆေးကုသခံယူနေကြခြင်းဖြစ်သည်။

“သူတို့တွေ ရောဂါတောင်မကောင်းသေးဘူး။ အခုလို လုပ်တာက တရားမျှတမှုမရှိဘူးလို့ မြင်ပါတယ်။ ဒါကြောင့် သူတို့ကို ပြန်လွှတ်ပြီး ကျနော်တို့ပြုစုကုသချင်ပါသေးတယ်။”ဟုလည်း ဦးအေးမောင်သိန်းက ဆိုသည်။

ယခုကဲ့သို့ဖမ်းဆီးလိုက်ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းစုံစမ်းရန် စစ်တွေဆေးရုံရှိအချုပ်ခန်းသို့ သတင်းဌာနများ ဝင်ရောက်ခွင့်ကိုတားမြစ်ထားသလို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကိုလည်း ဆက်သွယ်မရခဲ့ပါ။

အတည်မပြုနိုင်သေးသည့်သတင်းများအရ မြောက်ဦးဆေးရုံတွင်တက်ရောက်ကုသနေသည့် လူနာ ၄ ဦးအနက် ၃ ဦးမှာ တိမ်းရှောင်သွားကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အတွင်းရေးမှူး ဦးတင်မောင်ဆွေကလည်း မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးဆောင်သူ၊ ပူးပေါင်းပါဝင်သူများကို ဆက်လက်ဖော်ထုတ် ဖမ်းဆီး အရေးယူသွားမည်ဟု ဇန်နဝါရီလ ၂၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...