ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပျက်ခဲ့သည်များနှင့်ပတ်သက်၍ တာဝန်ပျက်ကွက်မှု၊ မှားယွင်မှုများ ရှိခဲ့လျှင် အရေးယူခံမည်ဟု ပြည်နယ် ၀န်ကြီးချုပ်ပြောကြား

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပျက်ခဲ့သည်များနှင့်ပတ်သက်၍ တာဝန်ပျက်ကွက်မှု၊ မှားယွင်မှုများ ရှိခဲ့လျှင် အရေးယူခံမည်ဟု ပြည်နယ် ၀န်ကြီးချုပ်ပြောကြား
by -
စံမောင်သန်း

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မြောက်ဦးဖြစ်စဉ်အပါအဝင် ရခိုင်ပြည်နယ်၌ ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များနှင့်ပတ်သက်ပြီး သူ့တွင် တာဝန်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် လုပ်ဆောင်ရာတွင် တာဝန်ပျက်ကွက်မှု၊ မှားယွင်းမှုများ ရှိခဲ့လျှင် သူ့အနေဖြင့် အရေးယူခံမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သော လူမှုအဖွဲ့စည်းများ၊ မီဒီယာများနှင့် ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျနော့်မှာ အပြည့်အဝတာဝန်ရှိတဲ့ အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တာဝန်ကျေအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ တာဝန်ယူဆောင်ရွက်တဲ့နေရာမှာ တာဝန်ပျက်ကွက်မှုတွေ၊ မှားယွင်းမှုတွေ ရှိခဲ့တယ်ဆိုရင် ကျနော့်အနေနဲ့ အရေးယူခံသွားမှာ ဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်က အပိတ်မိန့်ခွန်းစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့မှ မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ရဲနှင့် အာဏာပိုင်များ ဘက်မှ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအညီ အဆင့်ဆင့် ဆောင်ရွက်ရမည့် ဖြစ်စဉ်အတိုင်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“မြောက်ဦး ဆန္ဒပြပွဲဖြစ်စဉ်ဟာ ကြိုတင်စီစဉ်မှု မရှိဘဲ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပြီးတော့၊ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက သူတို့ရုံးဘက်ကို ရောက်လာမယ်လို့ ထင်မှတ်မထားခဲ့တဲ့အတွက် ဆန္ဒပြလူအုပ်ကို အဲ့ဒီနေရာကို မရောက်ခင်တားဆီးဟန့်တားမှု မပြုလုပ်ခဲ့ပါဘူး”ဟု ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ရှင်းလင်း ပြောကြားခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို လူပေါင်း ၄၀၀၀ ခန့်က နေရာနှစ်ခုမှ ၀ိုင်းဝန်းဝင်ရောက် လာခဲ့သောကြောင့် ရဲကအဆင့်ဆင့် တားဆီးဟန့်တားမှုများ၊ ခြောက်လှန့် ပစ်ခတ်မှုများရှိခဲ့သော်လည်း နောက်ဆုံးအဆင့်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ခြံဝင်းအတွင်းထိ လူအုပ်က ထိုးဖောက်ဝင်ရောက်လာခဲ့၍ ရဲတပ်ဖွဲ့ဝင်များတွင် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ရန် ခရိုင် အုပ်ချုပ်ရေးရုံးအတွင်းတွင် ရှိနေခဲ့သည့် လူအုပ်ကို ပစ်ခတ် နှိမ်နင်းမှု ပြုလုပ်ခဲ့သည့်အတွက် ဆန္ဒပြသူများဘက်က သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရမှုများ ဖြစ်ပွားခဲ့ရသည်ဟု ဆိုသည်။

တက်ရောက်လာသူများထဲမှ ဦးသာပွင့်၊ ဆရာဦးသန်းထွန်း၊ ဦးစိုးနိုင်အပါအဝင် အခြားသူများက ရဲ၏ လုပ်ရပ်အပေါ် ထောက်ပြဝေဖန်ခဲ့ကြပြီး စုံစမ်းရေး ကော်မရှင်ထဲတွင် အာဏာပိုင် သက်သက် မဟုတ်ဘဲ အပြင်ဘက်မှ တတ်သိပညာရှင်များနှင့် ကျွမ်းကျင်သူများ ပါဝင်ရန် လိုအပ်သည်ဟု တင်ပြခဲ့ကြသည်။

“အဲ့ဒီလိုမျိုး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စဟာ ပြည်နယ်အစိုး့က တာဝန်ယူ ဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် ပြည်ထောင်စု အစိုးရကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူပြောကြားခဲ့သည်။

မြောက်ဦးတွင် ၂၃၃ နှစ်မြောက် အချုပ်အခြာအာဏာ ကျဆုံးရေးအခမ်းအနား ကျင်းပရန် ဦးဆောင်သူများကို နိုင်ငံတော် ပုန်ကန်မှု ပုဒ်မဖြင့် အရေးယူရန် ဆောင်ရွက်နေမှုသည် ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ ဆင်ခြင်စေလိုပြီး၊ ယင်းသို့ အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေသည့်အတွက် အဆိုပါဆက်စပ်သူများအားလုံး ထွက်ပြေးတိမ်းရှောင် သွားကြပြီး မြောက်ဦးလူထုတွင် စိုးရိမ်မှု မြင့်တက်နေသည်ဟု ဝေဖန်ထောက်ပြခဲ့ကြသည်။

“ပွဲကျင်းပသူတွေကို ဒီလိုမျိုး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတပ်တာဟာ မသင့်တော်ပါဘူး။ ဒီလိုလုပ်ဆောင်တာဟာ ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ချင်တဲ့အတွက် ပြည်နယ်အစိုးရက လုပ်ဆောင်နေတာဖြစ်တယ်လို့ ထင်မှတ်ရမလို ဖြစ်လာပါတယ်”ဟု ဦးသန်းထွန်းက ဝေဖန်ထောက်ပြခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (က) (ခ) တပ်၍ အရေးယူဆောင်ရွက်ရန် တရားစွဲရခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားသွားခဲ့သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...