ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်နေ့ ညက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဖွဲ့ဝင် သုံးဦးပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် မြောက်ဦးမြို့တွင် စတင်စစ်ဆေးမှု ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
“ ကျွန်တော်တို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်စိုး ဦးဆောင်တဲ့ အဖွဲ့က မနေ့က (ဇန်နဝါရီ ၂၀) စပြီး မြောက်ဦးမှာ စစ်ဆေးနေပါပြီ။ ရဲတပ်ဖွဲ့ဝင်တွေကိုသာမက မျက်မြင် အရပ်သားတွေကိုပါ စစ်ဆေးမေးမြန်းသွားမှာ ဖြစ်ပါတယ်။ တွေ့ရှိချက်တွေကို အထက်အဆင့်ဆင့်ကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
မြောက်ဦးတွင် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့မှုနှင့် ပတ်သက်ပြီး နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့လည်း လာမည့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် လာရောက်စစ်ဆေးမည်ဟု သူက ပြောသည်။
“ စစ်ဆေး အကြောင်းအရင်းက လုပ်ထုံးနည်း လုပ်နည်း အညီ လုပ်ခဲ့ခြင်း ရှိ/ ရှိ မရှိ။ အကြမ်းဖက် လူစု လူဝေးကို ဖြိုခွင်းတဲ့ နေရာမှာ ဥပဒေနဲ့ အညီ လုပ်ဆောင်ခဲ့ခြင် ရှိ မရှိ၊ စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်နယ်ရဲမှူးက ဆက်လက် ပြောကြားသည်။
ဆန္ဒပြသူ ၇ ဦးသေဆုံးပြီး လူ ၁၂ ဦးဒဏ်ရာ ရစေခဲ့သည့် မြောက်ဦးဆန္ဒပြမှု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အစိုးရဘက်မှ ကနဦး သတင်းထုတ်ပြန်ချက်များတွင် ဆန္ဒပြသူများသည် ခရိုင်ရုံးအဆောက်အဦများကို ဖျက်ဆီးခြင်း၊ အလံတိုင်မှ နိုင်ငံတော်အလံအားဖြုတ်ချပြီး ရခိုင်အလံအားတင်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များကို လုယူရန်ကြိုးပမ်းခြင်း စသည့် လုပ်ရပ်များကြောင့် ခြောက်လှန့်ပစ်ခတ်ရခြင်း ဖြစ်ကြောင်း၊ သို့သော် တားဆီး၍ မရသဖြင့် နောက်ပိုင်းတွင် လူအုပ်ထဲသို့ တိုက်ရိုက်ပစ်ခတ်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဆန္ဒပြရာတွင် ပါဝင်သူများကမူ သူတို့အနေဖြင့် အစိုးရ အဆောက်အအုံများကို တစ်စုံတစ်ရာ ဖျက်ဆီးခြင်းမရှိကြောင်း၊ ခရိုင်ရုံးရှေ့တွင် ဆန္ဒပြနေစဉ် တစ်စုံတစ်ရာ ရော်ဘာကျည်ဆံများဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းမရှိကြောင်း၊ လူအုပ်ထဲသို့ တိုက်ရိုက်ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ထိုသို့ မြောက်ဦး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကွဲလွဲမှုများရှိနေသဖြင့် လွတ်လပ်သော စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရန် လိုအပ်ကြောင်း၊ မြောက်ဦးမြို့ထဲနှင့် ယခု အခင်းဖြစ်ပွားရာ ခရိုင် ရဲတပ်ဖွဲ့ရုံးသည် အလွန်ဝေးကွာသည့် နေရာတွင် ရှိနေပြီး လမ်းတွင် ဆန္ဒပြသူများကို တားဆီးရန် နေရာနှင့် အချိန်ရပါလျက် မတားဆီးဘဲ ခရိုင်ရုံးရှေ့ထိ သွားခွင့်ပြုခဲ့သည့် အပေါ် သံသယရှိသဖြင့် ၎င်းကဲ့သို့ အချက်များကိုလည်း သေချာစစ်ဆေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး က ဦးထွန်းအောင်ကျော်က မီဒီယာများသို့ ပြောကြားထားသည်။







