ပေါက်တော-သဝင်ချောင်း ပင်မတံတားပြီးစီးသော်လည်း ချဉ်းကပ်လမ်းမလုပ်၍ ဒေသခံပြည်သူများအသုံးပြုမရဖြစ်နေ

ပေါက်တော-သဝင်ချောင်း ပင်မတံတားပြီးစီးသော်လည်း ချဉ်းကပ်လမ်းမလုပ်၍ ဒေသခံပြည်သူများအသုံးပြုမရဖြစ်နေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ သဝင်ချောင်းပေါ်ရှိ တံတားမှာ ပြီးစီးနေသည်မှာ ကြာမြှင့်နေပြီ ဖြစ်သော်လည်း ကုမ္ပဏီမှ ချဉ်းကပ်လမ်း ဖေါက်လုပ်ခြင်းမရှိသဖြင့် ဒေသခံ ပြည်သူများအနေဖြင့် အသုံးပြု၍ မရဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

သဝင်ချောင်းကျေးရွာမှ အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးမြတ်ထွန်းမှ ၎င်းတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကတည်းက ကျပ်သိန်းပေါင်း ၁၈၀၀ ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ပင်မတံတားမှာ ၂၀၁၇ ခုနှစ် ဧပြီနှင့် မေလအတွင်းက ပြီးစီးခဲ့သော်လည်း ယခုအချိန်ထိ တံတားချဉ်းကပ်လမ်းကို ပြုလုပ်ခြင်း မရှိသေးသဖြင့် သွားလာရေးခက်ခဲနေသည်ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ ဒီတံတားကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ဂစ္ဆပရီကြိုင်ကုမ္ပဏီက တင်ဒါအောင်ပြီး ဆောက်လုပ်ခဲ့ပါတယ်။ ပင်မ တံတား ပြီးစီးခဲ့တာက ၂၀၁၇ ဧပြီ- မေလကတည်းကပါ။ အခုအချိန်ထိ ချဉ်းကပ်လမ်း မလုပ်ဘဲထားတော့ အသုံးပြုလို့ မရဘဲ ဖြစ်နေပါတယ်။ ဒေသခံတွေအတွက် ခရီးသွားလာရတာ အခက်အခဲ ဖြစ်နေပါတယ်” ဟု သူက ပြောကြားသည်။

၎င်းတံတားမှာ သဝင်ချောင်းကျေးရွာ၏ အရှေ့ဘက် သဝင်ချောင်းကို ဖြတ်ထိုးထားသည့် တံတား ဖြစ်ပြီး ပေါက်တော – တောင်ညို – သဝင်ချောင်း- တောင်းဖူး ကားလမ်းပေါ်တွင် တည်ရှိသည်ဟု သိရသည်။

တံတား၏ အရှည်နှင့် အကျယ်မှာ ပေ ၁၂၀ x ၁၈ ပေ ရှိပြီး သံကူ ကွန်ကရစ်အမျိုးအစား တံတား ဖြစ်သည်ဟု ဆိုသည်။

“ ဒေသဖွံ့ဖြိုးရေး အစီစဉ်အရ သဝင်ချောင်းကို မဟာဓါတ်အားလိုင်းသွယ်တန်းဖို့ စီစဉ် နေပါတယ်။ ဓါတ်မီးတိုင်တွေ သယ်ယူရေးမှာ တံတားရဲ့ ချဉ်းကပ်လမ်း မလုပ်သေးတဲ့ အတွက် သယ်ယူရေးမှာလည်း အခက်ခဲများနဲ့ ကြုံတွေ့နေရပါတယ်။ဒေသခံပြည်သူတွေကသက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိ သူတွေကို စုံစမ်း ဆက်သွယ်ပြီး တံတားချဉ်းကပ်လမ်း လာရောက် ဆောင်ရွက် ရန်ရှိ / မရှိမေးမြန်းဖို့ စီစဉ်နေပါတယ်။ အကယ်၍ လာရောက် ဆောင်ရွက် ပေးခြင်း မရှိရင်တော့ ပြည်နယ်အစိုးရကို တိုင်ကြားသွားမှာ ဖြစ်ပါတယ်” ဟု ဦးမြတ်ထွန်းက ပြောကြားသည်။

အဆိုပါ တံတားကိစ္စနှင့် ပတ်သက်ပြီး တံတားတည်ဆောက်ရာတွင် ပါဝင်သူ ဦးမောင်ဝင်းအား ဆက်သွယ်မေးမြန်းရာ ၎င်းပင်မတံတားအား ရွှေဒေါင်းသိန်း၊ ရွှေလင်းထွန်းနှင့် ဂစ္ဆပရီကြိုင် ကုမ္ပဏီ သုံးခုမှ သိန်း ၁၈၀၀ ဖြင့် တင်ဒါအောင်မြင်ပြီး ဆောက်လုပ်သည့် တံတားဖြစ်ကြောင်း ပြောဆိုသည်။

“ ပင်မ တံတားတည်ဆောက်ပြီး စာရင်းတွေရှင်းတဲ့အခါ ချဉ်းကပ်လမ်းကို ဂစ္ဆပရီကြိုင် ကုမ္ပဏီက သိန်း ၅၀ နဲ့ ပြုလုပ်မယ်ဆိုပြီး တာဝန်ယူပါတယ်။ အဲဒီကုမ္ပဏီကို ငွေလည်း ပေးပြီးပါပြီ။ ဒါကြောင့် ဒီချဉ်းကပ်လမ်းကို တည်ဆောက်မယ့် တာဝန်ဟာ ဂစ္ဆရီကြိုင် ကုမ္ပဏီရဲ့ တာဝန် ဖြစ်ပါတယ်။ သူတို့ မလုပ်တာက သူတို့အပိုင်းဘဲ ဖြစ်ပါတယ်” ဟု ဦးမောင်ဝင်းက ပြောဆိုသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...