လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ပါ အရေးကြီးသော ငခူရကားလမ်း ပြုပြင်ရန် အမြန်လိုအပ်နေ

လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ပါ အရေးကြီးသော ငခူရကားလမ်း ပြုပြင်ရန် အမြန်လိုအပ်နေ

လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ပါ အရေးပါသော မောင်တောမြို့နယ် မြောက်ပိုင်း ငခူရ ကားလမ်းကို အမြန်ပြုပြင်ပေးရန် လိုအပ်နေကြောင်း မြို့သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘတင်က ပြောဆိုသည်။

မောင်တောမြို့မှ ကြိမ်ချောင်းသို့ သွားသည့် အဓိက လမ်းမနှင့် ဆက်သွယ်ထားသည့် လောင်းတုံမှ ငခူရ ကားလမ်း အရှည်မှာ ၄ မိုင် ၂ ဖာလုံခန့်သာ ရှိပြီး မပြုပြင်ဘဲ ပစ်ထားသဖြင့် သွားလာရေး အထူးခက်ခဲလျက်ရှိနေသည်ဟု သိရသည်။

“ဒီလမ်းကောင်းမယ်ဆိုရင် ကားနဲ့ ၁၅ မိနစ်ဘဲ ကြာပါတယ်။ ဒါပေမယ့် ကားလမ်းက လုံးဝ မကောင်းတော့ ၅၅ မိနစ်ခန့်ကြာတယ်။ ဒီလမ်းက ဒီဒေသမှာ ရေလမ်းက နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ အတွက် လုံခြုံရေး အရ အလွန် အရေးကြီးပါတယ်။ ဒေသခံတွေ သွားလာတဲ့ နေရာမှာလည်း အဓိက ကျတဲ့ အတွက် အမြန်ဆုံး ကွန်ကရစ်လမ်း အဖြစ် မြင့်တင်ပေးချင်ပါတယ်” ဟု ဦးဘတင်က ပြောသည်။

ငခူရမှ မောင်တောသို့ သွားရောက်ရာတွင် ယခုလမ်းတစ်လမ်းတည်းကိုသာ အသုံးပြုနေရသဖြင့် ကားလမ်းကို အဆင့်မြင့်တင်ပေးရန် အကြိမ်ကြိမ် သက်ဆိုင်ရာ အထက်အာဏာပိုင်များကို တင်ပြသော်လည်း ယနေ့ထိ ပြုလုပ်ပေးခြင်းမရှိဟုသူက ဆိုသည်။

“ ဒီလောက် အရေးကြီးတဲ့လမ်းကို ဘာကြောင့် မပြုပြင်သလဲဆိုတာကျွန်တော်တို့လည်း မသိပါဘူး။ တင်ပြတာလည်း များလာပါပြီ။ ဒီက လူထုတွေကို ကြည့်ပြီး ကားလမ်းတွေကို ပြုပြင်ပေးစေလိုပါတယ်” ဟု ဆိုသည်။

ကားလမ်းမကောင်းသဖြင့် ပြည်သူများအနေဖြင့် သွားရေးလာရေး အထူးအခက်အခဲများ ဖြစ်ပေါ်နေသည်ဟုလည်း သူက ပြောဆိုသည်။

“ ကားလမ်းက မြင်တဲ့ အတိုင်းပါဘဲ။ ချိုင့်ခွက်ကြီးတွေနဲ့ ကျောက်ခင်းထားတာကလည်း မညီမညာဆိုတော့ သွားလာရ အထူးခက်ခဲပါတယ်။ မကျန်းမာသူတွေ၊ ကိုယ်ဝန်ဆောင်တွေ မောင်တောကို ဆေးရုံသွားပြတဲ့အခါမှာလည်း လမ်းမကောင်းတဲ့ အတွက် အထူး ဒုက္ခ ရောက်ကြရပါတယ်” ဟု ပြောဆိုသည်။

ကားလမ်းမကောင်းသဖြင့် ငခူရဒေသတွင် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက လုံခြုံရေး တပ်ဖွဲ့ဝင် ချက်ချင်း လာရောက်ရန် ခက်ခဲမှုများရှိနေကြောင်း ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်တစ်ဦးကလည်း ပြောဆိုသည်။

“ ဒီလမ်းက ကောင်းနေရင် ချက်ချင်း ငခူရကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကားတွေနဲ့ ဝင်လာနိုင်တယ်။ အခု ၁၅ မိနစ်သာ သွားရတဲ့ နေရာမှာ မိနစ် ၅၅ မိနစ် မောင်းနေရတော့ သွားလာရ အခက်အခဲရှိနေပါတယ်။ ဒီလမ်းကို လမ်းချောဖြစ်ဖို့ ကျွန်တော်တို့က ပိုလိုလားပါတယ်” ဟု ၎င်းဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်က ပြောသည်။

ယခုအခါ ငခူရတွင် ပြန်လည် လက်ခံရေး တည်ဆောက်နေပြီး စီးပွားရေး လုပ်ကိုင်နေသူများ အသွားအလာများနေသဖြင့် လောင်တုံ- ငခူရလမ်းပိုင်းကို အမြန်ဆုံး အဆင့်မြင့်တင်ရန် ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အထူးလိုလားလျက် ရှိနေကြသည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...