၇၀ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတကာ ဆုရသူများကို ဆုချီးမြင့်

၇၀ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတကာ ဆုရသူများကို ဆုချီးမြင့်
ဓါတ်ပုံ Tang Goon Nhkum FB
ဓါတ်ပုံ Tang Goon Nhkum FB

ယနေ့ ကျရောက်သော နှစ်ရ၀ မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပခဲ့ပြီး နိုင်ငံတကာ ဆုရရှိသော ပုဂ္ဂိုလ်များကို ဆုချီးမြင့်ခဲ့သည်။

အခမ်းအနားကို အပိုင်း ၃ ပိုင်းဖြင့် ပြုလုပ်ခဲ့ရာ ပထမ အစီအစဉ်တွင် ဆုတောင်းဝတ်ပြုခြင်း၊ ဒုတိယအစီအစဉ်တွင် နိုင်ငံတကာမှ ဂုဏ်ပြုထားသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းနှင့် ပင်လုံစာချုပ်ကို အခြေခံသော ပြဇတ်များ ပြသခြင်းများ ပြုလုပ်ခဲ့သည်ဟု ကချင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရေးကော်မတီမှ ပြောရေုးဆိုခွင့်ရှိသူ ဦးဇော်ဂျတ်က ပြောသည်။

“ဒီနှစ်က ဆုချီးမြင့်ခြင်း အစီအစဉ်ပါတယ်။ အဓိက ကျနော်တို့ ကချင်လူငယ်တွေ ပညာရေးကို ပိုပြီး ကြိုးစားချင် စိတ်ပေါ် လာအောင်၊ လူငယ်တွေထဲကနေ နောက်လာမဲ့ အနာဂတ်ခေါင်းဆောင်တွေ ပေါ်ထွက်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါ”ဟု ဦးဇော်ဂျတ်က ပြောသည်။

ဆုချီးမြင့်ခံရသူများမှာ Ramon Magsaysay Award Philippine ဆုရှင် ဆရာမ ဒေါ်လဖိုင် ဆိုင်းရော်၊ N-Peace Award 2015, UN,Schuman Award 2017,EU ဆုရှင် ဒေါ်လထော်ဂျာနန်၊ ၂၀၁၇ ခုနှစ်တွင် ကနေဒါနိုင်ငံ Doctor of Divinity 2017, Providence University College မှ ဒေါက်တာဘွဲ့ ချီးမြှင့်ခံရသော ကချင်နှစ်ခြင်းအသင်းတော်အဖွွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး ဆရာဒေါက်တာ ခလမ်ဆမ်ဆွန်၊ ၂၀၁၆ ခုနှစ်က The Confession ရုပ်ရှင်ဇတ် လမ်းတိုဖြင့် နိုင်ငံတကာ ရုပ်ရှင် ဇတ်လမ်းတို အကောင်းဆုံးဆုရရှိသော ရုပ်ရှင်ဖန်တီးရှင် ကက်သလစ်ဘုန်းတော်ကြီး ဂျွန်လရော်၊ One Meiddleweight Workd Champaion 2017 ချန်ပီယံ အောင်လအန်ဆန်၊ Pulitzer Prize 2016 ဆုရှင် အက်စတာထုဆန် တို့ကို ဆုချီးမြှင့်ခဲ့သည်။

“ကချင်အမျိုးသားတွေ အချင်းချင်း ဂုဏ်ပြုတဲ့အတွက် စိတ်ခွန်အားတစ်ခုရစေပါတယ်။ ကချင်အမျိုးသားတွေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ သတိရှိရှိနဲ့ ရပ်တည်နေတာကို တွေ့မြင်ရတယ်။ ကချင်တွေ စည်းလုံး ညီညွတ်နေတာကို ကချင်ပြည်နယ်နေ့မှာ မြင်နေရတယ်”ဟု Schuman ငြိမ်းချမ်းရေးဆုရရှိသူ ဆရာမ ဒေါ်လထော်ဂျာနန်က ပြောသည်။

ထို့ပြင် ၂၀၁၆ -၂၀၁၇ ခုနှစ် ပညာသင်နှစ်တွင် အခြေခံ အထက်တန်းပညာတွင် ၆ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသူကျောင်းသားများကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။ တတိယအစီအစဉ်အဖြစ် ပင်လုံစာချုပ်နှင့် ပတ်သက်သော ပြဇတ်နှင့် ကချင်လူမျိုးစုများ၏ အကပဒေသာ  ဖျော်ဖြေမှုများတင်ဆက်ခဲ့ကြသည်။ ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ ပြခန်းများလည်း ပြသထားသည်။

မြစ်ကြီးနား မနောကွင်းတွင် ပြုလုပ်သော အခမ်းအနားတွင် ကချင်ပြည်သူလူထု ၁ သောင်းခန့် တက်ရောက်ခဲ့ပြီး ယနေ့ ကျရောက်သော ရ၀ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ်အဖြစ် ကချင်အိမ်တိုင်းတွင် ကချင်အမျိုးသား အလံကို နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ လွင့်တင်ထားခြင်းများ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။

ကချင်ပြည်နယ်နေ့ အခမ်းအနားများကို မြစ်ကြီးနားမြို့ နှင့် ဖားကန့်၊ ကားမိုင်း၊ နမ္မတီး တွင်လည်း ကျင်းပခဲ့သည်။

ကချင်ပြည်နယ်နေ့ကို အင်္ဂလိပ်အစိုးရ လက်အောက်မှ မြန်မာနိုင်ငံ လွှတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်၍ ကျင်းပလာခဲ့သည်။

၂၀၁၀ ခုနှစ်ထိ ကချင်ပြည်နေ့ အထိန်းအမှတ် အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် မနောအကများနှင့် စည်စည် ကားကား ကျင်းပခဲ့သေ်ာလည်း ၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် (KIA) တို့ အကြား တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားခဲ့ပြီးနောက် မနောပွဲ ကျင်းပခြင်းမရှိတော့ပေ။

ကချင်ပြည်နယ်နေ့ဖြစ်သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ကို နှစ်စဉ် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေးအဆိုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ကချင်ပြည်နယ် လွှတ်တော်တွင် အင်ဂျန်းယန်မြို့နယ် အမတ်က အဆိုပြုခဲ့သော်လည်း မဲခွဲဆုံးဖြတ်မှုတွင် အတည်မပြုနိုင်ဘဲ အဆိုရှုံုးနိမ့်ခဲ့သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...