ရခိုင့်အရေးတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍနှင ့်DMG (၆) နှစ်မြောက်ဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ယခုလ ၉ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
“ အဓိက ရခိုင်အရေးက နေပြီးတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲမှာ အဟန့်အတားဖြစ်စေပါတယ်။ တိုးတက်မှုတွေက ဒေသမတည်ငြိမ်မှုကြောင့် ထိခိုက်နေတာ ရှိတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုလည်း အဟန့်အတားဖြစ်နေတာတွေရှိတယ်။ ဒီရခိုင်ကိစ္စကို သတင်းမီဒီယာက ပိုပြီးသိရှိလာအောင်နဲ့ အလေးပေးဖော်ပြနိုင်အောင် ရည်ရွယ်ပြီးတော့ ပြုလုပ်ဖို့စီစဉ်ရတာ ဖြစ်ပါတယ်” ဟု Development Media Group (DMG) အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ဆွေးနွေးပွဲတွင် မြန်မာ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်း (ပါဝင်ဟောပြောရန် ဆွေးနွေးဆဲ) ၊ ဦးမြင့်ကျော်၊ ဦးဇေယျာလိူင်နှင့် ဦးအောင်မင်းဦးတို့မှ ဆွေးနွေးသွားမည် ဖြစ်သည်ဟု သိရသည်။
“ အခု ရခိုင်အရေးနဲ့ နိုင်ငံတကာကနေ ဖိအားပေးနေတာတွေလည်း ရှိတယ်။ သူတို့ ဖော်ပြတဲ့ အထဲမှာ လက်ရှိ မြေပြင်မှာ ဖြစ်နေတာတွေနဲ့ ကွဲလွဲနေတာတွေလည်း ရှိတယ်။ တကယ့် အဖြစ်မှန်တွေကို ဖော်ပြ စေချင်တယ်။ ရခိုင်တွေ ခံစားနေရတဲ့ အခြေအနေတွေကိုလည်း သိစေချင်တယ်။ ဒီဆွေးနွေးပွဲမှာ ဒါတွေကို တင်ပြဆွေးနွေးသွားပါမယ်” ဟု ဦးအောင်မင်းဦးက ပြောဆိုသည်။
၎င်းပြင် တိုင်းရင်းသားမီဒီယာများ၏ ရပ်တည်ရေး အခက်အခဲ၊ အထူးသဖြင့် ရခိုင်မီဒီယာများမှ အကူအညီများ မရရှိသဖြင့် ရပ်တည်ရေးကို အခက်အခဲကျရောက်နေရသည့် အခြေအနေများကို မြန်မာအစိုးရ၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာ မီဒီယာ လောကသားများသိရှိစေရန်လည်း ပြောပြသွားမည်ဟု သူက ပြောဆိုသည်။
ဆွေးနွေးပွဲအခမ်းအနားကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမတွင် နေ့လယ် ၁ နာရီတွင် စတင် ကျင်းပမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်မှ အဖွင့်အမှာစကား ပြောကြားသွားမည်ဟု သိရသည်။







