ပါတီကို ပြန်လည်ထူထောင်သော်လည်း ALD အနေဖြင့် ANP နှင့် တူရာကဏ္ဍများတွင် တွဲလုပ်မည်ဟုဆို

ပါတီကို ပြန်လည်ထူထောင်သော်လည်း ALD အနေဖြင့် ANP နှင့် တူရာကဏ္ဍများတွင် တွဲလုပ်မည်ဟုဆို

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့် ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ထူထောင် ခဲ့သော်လည်း ရခိုင်အမျိုးသားပါတီ ANP နှင့် အမျိုးသားရေး အတွက် တူရာ ကဏ္ဍများတွင် တွဲလုပ်ရန် အဆင်သင့်ရှိနေကြောင်း ALD ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

၂၀၁၇ ခု ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ကျင်းပခဲ့သော ALD ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး အပြီး ALD ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ပါတီ ပြောခွင့်ရသူ ဦးလှမြင့်က နိရဥ္စရာ သတင်းဌာနသို့ ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ရခိုင်အမျိုးသားတီနဲ့ ဆက်ဆံမှုတွေ ဆက်စပ် လုပ်ကိုင်မှုတွေ ရှေ့မှာ ရှိလာနိုင်ပါတယ်။ သူတို့လည်း အမျိုးသားအကျိုးစီးပွားကို လိုလို့လုပ်တာပဲ။ ကိုယ်တို့လည်း ရခိုင်အမျိုးသား အကျိုး စီးပွားကို လိုလို့လုပ်တာပဲ။ ရှေ့ဆက်လုပ်ဆောင်တဲ့ နေရာမှာ တူရာကဏ္ဍတွေမှာ လက်တွဲ လုပ်ဆောင်မှုတွေ ရှိလာနိုင်ပါတယ်”ဟု ဦးလှမြင့်က ဆိုသည်။

ယင်းသို့ လက်တွဲလုပ်ဆောင်မှုရန် သဘောထားရှိုသော်လည်း ALD တစ်ဘက်တည်းဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း၊ ရခိုင်အမျိုးသားပါတီဘက်မှလည်း လုပ်ဆောင်ရန် ဆန္ဒရှိရန် လိုအပ်ပြီး နှစ်ပါတီဘုံသဘောတူညီချက် ရရှိပါက တွဲလုပ်၍ ရနိုင်သည်ဟု ဆိုသည်။

ရခိုင်မျိုးချစ်ပါတီ APP ၏ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့စွဲဖြင့် နှစ်ပါတီပေါင်းစည်းရေး ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး မေးမြန်းရာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှ တရားဝင် အကြောင်းပြန်ကြားစာ ပေးပို့ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

“ တရားဝင် အကြောင်းကြားစာထဲမှာ ဘာတွေ ပါသလဲဆိုတာကိုတော့ စာရေးသား ပေးပို့ပြီးနောက်မှဘဲ ပြောနိုင်မှာပါ။ လောလောဆယ်တော့ ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး” ဟု ဦးလှမြင့်က ဆက်လက် ပြောဆိုသည်။

ပါတီ၏ တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နိုင်ရန် အတွက် မြို့နယ်ရုံးများကို ဖွင့်လှစ်လျက်ရှိရာ ဒီဇင်ဘာ ၂၄ နေ့က တောင်ကုတ်မြို့နယ်ရုံးကို ဖွင့်လှစ်ခဲ့ပြီး၊ ရမ်းဗြဲမြို့နယ်ရုံးနှင့် ကျောက်ဖြူမြို့နယ်ရုံးများကိုလည်း ဒီဇင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့ကာ လာမည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ပေါက်တောမြို့နယ်ရုံးကို ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

“ပါတီမူဝါဒကို အကောင်အထည်ဖေါ်နိုင်ဖို့အတွက် မြို့နယ်အားလုံးမှာ စည်းရုံးရေးကော်မတီတွေ ဖွဲ့စည်းနိုင်အောင် လုပ်ဆောင်နေပါတယ်။ စည်းရုံးရေးကော်မတီတွေက ပါတီလုပ်ငန်းစဉ်တွေကို လုပ်နိုင်ဖို့အတွက် မြို့နယ်ရုံးတွေကို ဖွင့်လှစ်နေတာဖြစ်ပါတယ်”ဟု ဦးလှမြင့်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် RNDP နှင့် ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ ANP ကို ဖွဲ့စည်း ထူထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် သဘောထားမတိုက်ဆိုင်၍ ရခိုင်အမျိုးသားပါတီမှ မှ ALD ပါတီမှ ပူးပေါင်းရာတွင် ပါဝင်ခဲ့သူ ခေါင်းဆောင် ၆ ဦးကို ထုတ်ပယ်ခဲ့သည်။ ၎င်းနောက် ၂၀၁၇ ခုနှစ်တွင် ALD ကို ပြန်လည်ဖွဲ့စည်းထူထောင်ခဲ့သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...