မောင်တောမှာ တပ်မတော်ယာဉ်တစ်စီး ဆွဲမိုင်းထိ၊ အရာရှိတစ်ဦးအပါအဝင် တပ်မတော်သား ရ ဦး ဒဏ်ရာရ

မောင်တောမှာ တပ်မတော်ယာဉ်တစ်စီး ဆွဲမိုင်းထိ၊ အရာရှိတစ်ဦးအပါအဝင် တပ်မတော်သား ရ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းဒေသရှိ တရိန်းကျေးရွာနှင့် ကျွန်းပေါက်ပြုစူး ကျေးရွာကြားတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က တပ်မတော်ယာဉ်တစ်စီးဆွဲမိုင်း ထိမှန်ခဲ့ပြီး အရာရှိတစ်ဦး အပါအဝင် တပ်မတော်သား ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တပ်မတော်ယာဉ်မှာ တောင်ပြိုလက်ဝဲမှ ကြိမ်ချောင်းကျေးရွာကို သွားသည့်လမ်းတွင် ယာဉ်နောက်ပိုင်းကို ဆွဲမိုင်း ထိမှန်ခဲ့ပြီး ဘေးတစ်ဖက်တစ်ချက်က  ခြုံခိုတိုက်ခိုက်ခြင်းကိုပါ ခံခဲ့ရခြင်းဖြစ်သည်။

ယင်းကြောင့် ယာဉ်တွင် လိုက်ပါလာသည့် အရာရှိတစ်ဦးနှင့် တပ်သား ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားသည့်နေရာကို ရောက်ရှိခဲ့သည့် တရိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က အတည်ပြုပြောကြားသည်။

“တောင်ပြိုကနေ ကြိမ်ချောင်းကိုသွားတဲ့လမ်းမှာ ဆွဲမိုင်းထိခံရတာပါ။ ကားနောက်ပိုင်းက ဘီးတွေပေါက်သွားတယ်။ ဆွဲမိုင်းထိပြီးတော့ သေနတ်နဲ့ပစ်တယ် ဟိုဖက်က။ ဆွဲမိုင်းကြောင့် အဲလောက်မထိဘူး။ ဒဏ်ရာတွေကတော့ ပြင်းထန်ပါတယ်။”ဟု ဆိုသည်။

လက်ရှိမှာ ယင်းသို့ ဒဏ်ရာရရှိခဲ့သည့် အရာရှိ အပါအဝင် တပ်မတော်သား (၇) ဦးကို ကြိမ်ချောင်းကျေးရွာကို ယာယီပို့ဆောင်ထားပြီး အရာရှိ၏ ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရသည့်အတွက် မောင်တောမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဦးအိမ်စိုးမောင်က ဆိုသည်။

မိုင်းဆွဲပြီး ခြုံခိုတိုက်ခိုက်သူများကို ဖမ်းဆီးနိုင်ရန် အခင်းဖြစ်ပွားသည့် နေရာတလျှောက်ရှိ လမ်းများကို ပိတ်ဆို့ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေးများဆောင်ရွက်လျှက်ရှိကာ အပြန်အလှန် ပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။

ယခု မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည့် တပ်ရင်းအမည်နှင့် တပ်မတော်သားတို့၏ အမည်များကို အတည်မပြုနိုင်သေးသော်လည်း အဆိုပါဒေသတွင် တပ်မ ၃၃ နှင့် တပ်မ ၂၀ တို့က လှုပ်ရှားစစ်ကြောင်းအနေနှင့် ရှိနေသဖြင့် ထိုနှစ်ခုမှ တစ်ခု ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဒေသခံများက ပြောသည်။

မိုင်းဆွဲပစ်ခတ်ခဲ့ကြသည့် အဖွဲ့နှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ကိုမူ ယခုအချိန်တွင် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...