ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြု ညစာစားပွဲ ခေါင်းစဉ်ကို ပလက်ဝမြို့တွင် ပြောင်းလဲကျင်းပခဲ့ရ

ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြု ညစာစားပွဲ ခေါင်းစဉ်ကို ပလက်ဝမြို့တွင် ပြောင်းလဲကျင်းပခဲ့ရ
by -
နောင်ခိုင်အောင်

ချင်းပြည်နယ် ပလက်ဝမြို့တွင် နှစ်စဉ်ကျင်းပနေသော ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြု ညစာစားပွဲကို ယခုနှစ်တွင် ခေါင်းစဉ် ပြောင်းလဲ ကျင်းပခဲ့ရသည်ဟု သတင်းရရှိသည်။

“ နှစ်တိုင်း ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲကို ပလက်ဝမြို့မှာ ရခိုင်ပြည်နယ်နေ့ ကျရောက်တဲ့နေ့တိုင်းမှာ ကျင်းပ ပြုလုပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ သက်ဆိုင်ရာက ဖိအားပေးလာတဲ့အတွက် တိုင်းရင်းသားပေါင်းစုံ ဂုဏ်ပြုညစာ စားပွဲ ခေါင်းစဉ်နဲ့ ပြောင်းလဲကျင်းပခဲ့ရပါတယ်” ဟု ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲဖြစ်မြောက်စေရန် အလှူငွေထည့်ဝင်ခဲ့သူ ဒေသခံ ဦးအောင်ဆန်းက နိဥ္စရာသတင်းဌာနသို့ပြောသည်။

ထိုကဲ့သို့ နှစ်စဉ် ကျင်းပနေသည့် ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲအား တိုင်းရင်းသားပေါင်းစုံ ဂုဏ်ပြုညစာ စားပွဲ အမည်ဖြင့် ခေါင်းစဉ် ပြောင်းလဲကျင်းပခဲ့ရသည့် အပေါ် ဒေသခံ ရခိုင်အမျိုးသားများက ကျေနပ်မှု မရှိကြဟု သူက ပြောဆိုသည်။

“ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်နယ်မှာသာမက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှာလည်း ကျင်းပကြပါတယ်။ ချင်းအမျိုးသားနေ့ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ ခန်းခန်းနားနားကျင်းပကြတယ်။ ပလက်ဝမြို့မှာ ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုညစာ စားပွဲကို ရခိုင်အမျိုးသားတွေက ကျင်းပခွင့်မရတာကတော့ လုံးဝ မဖြစ်သင့်ပါဘူး” ဟု သူက ပြောဆိုသည်။

ယခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့သည် (၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ဖြစ်သည်။

ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ အခုလို တိုင်းရင်းသားပေါင်းစုံ ညစာစားပွဲဟု အမည်ပြောင်း လိုက်ရခြင်းကတော့ ပလက်ဝဟာ ရခိုင်ပြည်နယ်ထဲက မြို့တစ်မြို့မဟုတ်တဲ့အတွက် တာဝန်ရှိသူတွေက ရပ်မိ ရပ်ဖတွေက တစ်ဆင့် ပြောဆိုလာတဲ့ အတွက် ပြောင်းလိုက်ရခြင်းဖြစ်ပါတယ်။ ခေါင်းစဉ် ပြောင်းပေမယ့် ရခိုင်ပြည်နယ် နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပခဲ့ကြတာပါ။ ရခိုင်ရိုးရာ အကများဖြင့်လည်း ဖြေဖျော်ခဲ့ကြပါတယ်” ဟု ပြောသည်။

ဒေသအတွင်းမှ ရခိုင်ကျောင်းဆရာ တစ်ဦးက “ မြို့ထဲပတ်ပြီး အလှူခံကြတာက ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ဖို့ပါ။ ဒါပေမယ့် ပွဲလုပ်တဲ့အခါ တိုင်းရင်းသား ပေါင်းစုံဂုဏ်ပြုညစာ စားပွဲ ဖြစ်သွားတယ်။ ဒီအတွက် အရမ်းလည်းရှက်မိတယ်။ ချင်းပြည်နယ် ဝန်ကြီးချုပ်ဆီက စာလာလို့ ဆိုလားပဲ နာမည်ပြောင်းလိုက်တယ်။ ဒီလိုတော့ ကြားမိပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မည်သည့်အတွက်ကြောင့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားခေါင်စဉ်ဖြင့် ဂုဏ်ပြု ညစာစားပွဲ လုပ်ခွင့်မရသည်ကို အသေးစိတ်ပြောဆိုခြင်း မရှိကြောင်း ဦးဆောင်ဆန်းက ပြောကြားသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...