တောင်ကုတ်အဆင့်မြင့် သုံးထပ်စျေးသစ်ကြီးတည်ဆောက်မည့် မြေနေရာ ရွေးချယ်ပြီးစီး

တောင်ကုတ်အဆင့်မြင့် သုံးထပ်စျေးသစ်ကြီးတည်ဆောက်မည့် မြေနေရာ ရွေးချယ်ပြီးစီး
by -
စိုးဇံအောင်
Photo -စျေးသစ်နေရာအား ၀န်ကြီးဦးမင်းအောင်နှင့် အဖွဲ့ကြည့်ရှုနေကြစဉ်
Photo -စျေးသစ်နေရာအား ၀န်ကြီးဦးမင်းအောင်နှင့် အဖွဲ့ကြည့်ရှုနေကြစဉ်

ရခိုင်ပြည်နယ်၏ စီးပွားရေးအရ အချက်အချာကျသည့် မြို့များထဲမှ တစ်မြို့ဖြစ်သည့် တောင်ကုတ်မြို့တွင် အဆင့်မြင့် သုံးထပ် စျေးသစ်ကြီး တစ်ခုကို ကျပ်ငွေ သိန်းပေါင်း တစ်သောင်းခွဲ အကုန်ကျခံ၍ တည်ဆောက်မည်ဖြစ်ရာ ၎င်းစျေးသစ်အတွက် မြေနေရာကို ယခုအခါ ရွေးချယ် သတ်မှတ်လိုက်ပြီဟု သိရသည်။

၎င်းစျေးသစ်ဆောက်မည့်နေရာမှာ တောင်ကုတ်မြို့ ကိုင်းရှည် ကျေးရွာဘက်ခြမ်း စစ်မှု ထမ်းဟောင်း အိမ်ရာများအနီးရှိ အလှူရှင်ဦးတင်မြင့်၏ မြေကွက်တွင် ဖြစ်ကြောင်းသိရသည်။

၎င်းစျေးသစ်တည်ဆောက်မည့် နေရာကို ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကိုယ်တိုင် ဒီဇင်ဘာလ ၁၈ ရက်က တောင်ကုတ်မြို့သို့ ရောက်ရှိလာပြီး ဒေသခံများနှင့် အတူ ရွေးချယ် သတ်မှတ်ခဲ့သည်ဟု တောင်ကုတ်မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းငွေက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ပထမတွင် တောင်ကုတ်မြို့ မြို့မစျေးကို ၃ထပ်ဆောင် အဆင့်မြင့်တည်ဆောက်ရန် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ရာ စျေးသူစျေးသားများက ကန့်ကွက်သဖြင့် ယခုလို နေရာသစ်ကို ရွေးချယ်ပြီး တည်ဆောက်သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

"ဝန်ကြီးဦးမင်းအောင်က ဒီလ ၁၈ ရက်နေ့က စျေးသစ်ကြီး တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့လာရောက်တွေ့ဆုံပါတယ်။ ဒီစျေးသစ်တည်ဆောက်ရေးအတွက် ဒေသခံတွေရဲ့ အသံ၊ ပြီးတော့သဘောဆန္ဒ၊ ဒါတွေကို နားထောင်ပေးဖို့ လာခဲ့တာပါ။ စျေးသူစျေးသားတွေက စျေးကြီးမှာ ဆောက်ဖို့ဟာကို ကန့်ကွက်တော့ နေရာသစ်ကို ရွေးချယ်ပြီး တည်ဆောက်ဖို့ စီစဉ်ရတာပါ"ဟု မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးစန်းငွေက ပြောသည်။

၎င်းစျေးသစ်တည်ဆောက်ရေးအတွက် ကိုင်းရှည်ကျေးရွာဘက်ခြမ်း စစ်မှုထမ်းဟောင်းအိမ်ရာများ အနီးမှ မြေကွက်အား တောင်ကုတ်မြို့မှဒေသခံတစ်ဦးဖြစ်သူ ဦးတင်မြင့်မှ လှူဒါန်းခဲ့သည်ဟု သိရသည်။

"အစိုးရအနေနဲ့ပြည်သူရဲ့အသံနဲ့ပြည်သူရဲ့သဘော ဆန္ဒကို အလေးထားဆောင်ရွက်တာကောင်းပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒကိုနားလည်ပြီးအခုလို ပြောင်းရွေ့တည်ဆောက်တာဟာ သင့်တော်တယ်လို့မြင်ပါတယ်" ဟု တောင်ကုတ်မြို့မြို့မစျေးမှ စျေးဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ် သူ ဦးစိုးသီဟက သူ၏ သဘောထားကို နိရဥ္စရာသို့ပြောသည်။

၎င်း သုံးထပ်စျေး အဆင့်မြင့်စျေးသစ်ကြီးအား ကျပ်သိန်းပေါင်း တစ်သောင်းခွဲ အကုန်ကျခံ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...